မြောက်ဦးတွင် ဆေးဆိုင်ပိုင်ရှင် သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွား


နိရဉ္စရာ၊ အောက်တိုဘာ ၃/၂၀၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ မြောက်ဦးမြို့မဈေးတွင် ဆေးဆိုင်ဖွင့်ကာရောင်းချနေသည့် သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြန်မာစစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူမှာ အသက် ၆၅ နှစ်ခန့်အရွယ် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက် မြို့မဈေးတွင် ဆေးဆိုင်ဖွင့်ထားသည့် ဦးဘကျော်ဖြစ်သည်။

၎င်းကိုယနေ့နံနက် ၁၀ နာရီခွဲခန့်က ၎င်း၏ဆေးဆိုင်မှ စစ်ကောင်စီတပ်သားများက လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"သူကမြောက်ဦးဈေးမှာ ဆေးဆိုင်ဖွင့်ရောင်းနေတာကြာပါပြီ။ သူ့ကိုဒီနေ့မနက်က စစ်သားတွေလာပြီး ဖမ်းသွားတာပါ။ သူကဆေးဆိုင်တစ်ခုပဲရောင်းနေတဲ့သူပါဘဲ "ဟု မြောက်ဦးမြို့ခံတစ်ဦးကပြောသည်။

၎င်းအားဖမ်းဆီးသွားခြင်းအကြောင်းအရင်းနှင့် ပတ်သက်၍ မသိရှိရသေးကြောင်းနှင့် မည်သည့် နေရာသို့ ခေါ်ဆောင်သွားခြင်းကိုလည်း မသိရသေးကြောင်း ၎င်းမြို့ခံကဆက်ပြောသည်။

လက်ရှိတွင် ၎င်း၏ဆေးဆိုင်ကို သူ၏သားသမီးများမှ ဆက်လက်ဖွင့်လစ် ရောင်းချနေသေးကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်ကလည်း မြောက်ဦးနန်းရိပ်ကရုဏာ အခမဲ့အောက်ဆီဂျင် ကူညီရေးအဖွဲ့မှ အတွင်းရေးမှူးနှင့် ညီဖြစ်သူတို့ကိုလည်း စစ်တပ်က ဖမ်းဆီးသွားပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လူသိများသည့် မြောက်ဦးမြို့ခံ ကိုကျော်ဇံဝေ (ခ)ကိုရင်ဆို့ကိုလည်း စက်တင်ဘာလ ၄ ရက်နေ့က ရဲနှင့်စစ်တပ်က သူ၏နေအိမ်မှ ဖမ်းဆီးသွားသည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်နှင့်မြန်မာစစ်တပ်တို့အကြား စစ်ရေးမျတင်းမာလျက်ရှိနေပြီး ရခိုင်မှလူမှုရေးလှုပ်ရှားသူ ပရဟိတသမားများနှင့် အစိုးရဝန်များအပါအဝင် လူပေါင်း ရာနှင့်ချီပြီး စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု သိရသည်။ (NN-8)

Share: