ပလက်ဝစစ်ဘေးရှောင်များကို အောက်တိုဘာလနောက်ဆုံးထား၍ နေရပ်ပြန်ရန်ချင်းပြည်နယ်စစ်ကောင်စီစာထုတ်


နိရဉ္စရာ၊ အောက်တိုဘာ ၃/၂၀၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့မှ စစ်ဘေးရှောင်များကို အောက်တိုဘာလကုန်ကို နောက်ဆုံးထား၍ နေရပ်ပြန်ကြရန် စစ်ကောင်စီ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးသန့်စင် လက်မှတ်ရေးထိုးကာ စာထုတ်ပြန်ထားသည်ဟု သိရှိရသည်။

စခန်းတာဝန်ခံတစ်ဦးက   ဒီစာတွေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေဆီကတဆင့် ထုတ်ပြန်တာပါ။ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးသန့်စင် ဩဂုတ်လ ၁၀ ရက်နေ့စွဲနဲ့ လက်မှတ်ထိုးပြီးထုတ်ပြန်တာပါ။ ကျနော်တို့ကို အောက်တိုဘာလနောက်ဆုံးထားပြီး အိမ်ပြန်ကြဖို့ ညွှန်ကြားထားပါတယ်ဟု ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် ဗမာတပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အရပ်သားပြည်သူ သောင်းနှင့်ချီပြီး ပလက်၀မြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ထွက်ပြေးခိုလှုံခဲ့ကြသည်။

လက်ရှိ အချိန်ထိ ပလက်၀မြို့ပေါ် စစ်ဘေးရှောင်စခန်း ၃ ခုတွင် စစ်ဘေးရှောင်ပြည်သူဦးရေ ၅၀၀၀ ခန့်ကျန်ရှိနေသေးပြီး  ၎င်းတို့၏ နေရပ်ရွာများမှာ အထက်မီးလက်ဝ၊ အောက်မီးလက်ဝ၊ ကေသ၊ ရုပ်ဝ၊ နှမဒါ၊ ဗွီးဟူး၊ လေလ၊ သူဌေးကုန်း၊ ရဲမဝ စသည့်ကျေးရွာများဖြစ်ကြသည်ဟု ဆိုသည်။
အဆိုပါစစ်ဘေးရှောင်စခန်းများမှ စစ်ရှောင်ပြည်သူများအား ယခုအောက်တိုဘာလကို နောက်ဆုံးထား၍ နေရပ်ပြန်ရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် အသိပေးစာထုတ်ပြန်ကာ ဖိအားပေး ပြောဆိုမှုများရှိကြောင်း ပလက်ဝစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးသန့်စင် လက်မှတ်ထိုးထုတ်ပြန်သည့် စာထဲတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မည့်လူစာရင်းကို ပြုစုပေးပို့ရန်၊ မပြန်မနေရ ပြန်ရမည်ဖြစ်ကြောင်း၊  အောက်တိုဘာလကို နောက်ဆုံးထား၍ ပြန်ကြရမည်ဖြစ်ကြောင်း အစရှိသည့်အချက်များ ပါဝင်ကြောင်း ၎င်းက ပြောသည်

"နေရပ်ပြန်ဖို့ ခိုင်းနေတယ်။ အခုက တဒိုင်းဒိုင်း၊ တဂျိမ်းဂျိမ်းနဲ့ စ်နေကြတာဆိုတော့ ကျနော်တို့က လုံခြုံမှုမရှိဘူးလို့တော့ယူဆတယ်။ ဘယ်လိုလုပ်ပြီး ဒီလို တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ ပြန်ရဲကြပါမလဲ။ အခု လက်ရှိ စခန်းထဲမှာ အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲထဲက ထွက်ပြေးလာကြူတွေပါတယ်။ ဘယ်သူမှ ခုလို အခြေအနေမျိုးမှာ မပြန်ချင်ကြဘူး။  သူတို့ အတင်းဖိအားပေးပြီး ပြန်ခိုင်းရင်တော့ ကျနော်တို့က ပြန်ရမှာပဲ။ ကိုယ့်အိမ်ကိုတော့ ပြန်ချင်စိတ် ရှိတာပါပဲ။ ဒါပေမယ့် တိုက်ပွဲတွေပြန်ဖြစ်နေတယ်။  မိုင်းတွေပေါက်ပြီး လူတွေဒဏ်ရာရနေကြတယ်။ မိုင်း ရှင်းလင်းမှုလည်း လုပ်ပေးတာမရှိတဲ့အတွက် ရွာတွေကိုပြန်ရင် ိုင်းတွေထပေါက်မှာကို စိုးတယ်။ အရင်လို တောင်ယာတွေ ဘာတွေလည်း မိုင်းကြောင့် လုပ်ကိုင်ရဲမှာမဟုတ်ဘူး" ဟုပြောသည်။

ပလက်၀မြို့ပေါ်မှ စစ်ဘေးရှောင်များကို နေရပ်များသို့ အတင်းပြန်ခိုင်းနေသော်လည်း ကျေးရွာများ အနီးတဝိုက် မိုင်းရှင်းလင်းပေးမှုရှိ/မရှိကို မသိရသေးည့်အပြင် လက်ရှိပြန်ကြရမည့် ကျေးရွားအများ အနီးတွင်လည်း တိုက်ပွဲြစ်ပွားမှုများလည်း ဆက်လက်ရှိနေဆဲဖြစ်သည်ဟု  စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းကလည်း  စစ်ဘေးရှောင်စခန်းများမှ နေရပ် အတင်းပြန်ခိုင်းခဲ့ပြီး နေရပ်ပြန်သူကြသည့် မိသားစုများကို အစိုးရက ထောက်ပံ့ကြေးများ ပေးအပ်မှုရှိခဲ့သည်ဟု သိရသည်။  
ပလက်ဝမြို့ပေါ်သို့လာရောက်ခိုလှုံနေသည့် စစ်ဘေးရှောင်တစ်ဦးက " အရင်ကလူတွေကိုတော့ ထောက်ပံ့ကြေးပေးတယ်။ အခုပြန်ဖို့ခိုင်းတဲ့ လူတွေကို ပေးမလား၊ မပေးဘူးလား။ မသိရသေးဘူး။  သူတို့လွှတ်ရင်တော့ ပြန်ရမှာပဲလေ။ ကိုယ့်အသက်သေမှာကို မကြောက်တဲ့သူတော့မရှိဘူးလေ။ အခုတော့ အစိုးရကနေရပ်ပြန်ခိုင်းတယ်လို့တော့ကြားနေရတယ်။ စစ်ရှောင်စခန်းတွေကိုလည်း မမြင်ချင်ဘူးဆိုတာတွေလည်း ပြောတယ်" ဟုပြောသည်။
လက်ရှိတွင် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က တစ်ပတ်စာ ဆန်နှင့်ဆီများကို တစ်ပတ်လျှင်တစ်ကြိမ်စီ ထောက်ပံ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ပလက်ဝမြို့နယ်အတွင်း လက်ရှိ အေအေနှင့်မြန်မာစစ်တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားနေမှုများကြောင့်  အဘောင်သား၊ ရဲမဝ၊ သူဌေးကုန်း၊ နှမဒါ အစရှိသည့်ကျေးရွာများမှ ဒေသခံထောင်နှင့်ချီပြီး များမကြာမီက ပလက်ဝမြို့ပေါ်နှင့် ရခိုင်ပြည်နယ်ကျောက်တော်မြို့သို့ စစ်ဘေးရှောင် နေကြကြောင်းလည်း သိရသည်။
လက်ရှိတကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသည့်အချိန်တွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် များကိုလည်း ပြည်နယ်ကောင်စီမှ နေရပ်ပြန်ရန် ဖိအားပေးလျက်ရှိကြောင်း စစ်ဘေးရှောင်များက ပြောသည်။ (NN-8)


(Photo by Khonumthung)

Share: