Preview

ပြည်နယ်စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်များကိုအတင်းနေရပ်ပြန်ခိုင်းနေချိန်တွင် စစ်တပ်ကဘူးသီးတောင်မြို့ရှိစစ်ဘေးရှောင်စခန်းတစ်ခုထဲကို ညဉ့်အချိန်ဝင်ရောက်၍သေနတ်ပစ်ဖောက်

အောက်တိုဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :2197
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၄/၂၀၂၂

ရခိုင်ပြည်နယ် စစ်ကောင်စီက ရခိုင်စစ်ဘေးရှောင်များကို ယခုလကုန်တွင်နေရပ်ပြန်ခိုင်းနေချိန်တွင်  ဘူးသီးတောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ညသန်းခေါင်အချိန်တွင် ဝင်ရောက်လာပြီး အကြောင်းမဲ့သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ခဲ့သဖြင့် စခန်းနေ ပြည်သူများ အထိတ်တလန့်ဖြစ်နေကြရသည်ဟုသတင်းရရှိသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များကို အောက်တိုဘာလနောက်ဆုံးထားပြီး နေရပ်ပြန်ရန် ပြည်နယ်စစ်ကောင်စီက ဖိအားပေးမှုများ ထွက်ပေါ်နေချိန်တွင်ယခု ပစ်ခတ်မှု ဖြစ်ပေါ်လာသဖြင့် အထူးစိုးရိမ်မိကြောင်း စစ်ဘေးရှောင်များက ပြောသည်။ 

"မနေ့ကညဉ့် ၁၂ နာရီလောက်မှာဝင်လာကြတယ်။ သေနတ်တွေကို မိုးပေါ်ကို ထောင်ပြီး ဖောက်ခဲ့ကြပါတယ်။စခန်းအဝင်၀နားကအိမ်တချို့ကိုတော့ နည်းနည်း ဝင်စစ်ခဲ့ကြတယ်။ ကျနော်တို့က အိမ်ကြမ်းခင်းအောက်ထဲမှာဝပ်နေကြရတယ်။ အထိတ်တလန့်နဲ့ ကြောက်သွားခဲ့တယ်၊ အပေါ်က ကျည်တွေ သွားနေဆိုပေမယ့် သေနတ်သံကြားတော့လူတိုင်း ကြောက်ကြတာပေါ့။ ဆယ့်ငါးမိနစ် လောက်တော့ ပစ်ခဲ့ကြတယ်။ မနေ့ကတော့ အခြားနေရာတွေကလည်းလက်နက်တွေ ပစ်ကြတာရှိတယ်၊ အဲဒါတွေပါပေါင်းမယ်ဆိုရင် တစ်နာရီနီးပါးလောက်ပစ်ခဲ့ကြတယ်။လူတွေကိုတော့ ဘာတစ်ခုမှမလုပ်ခဲ့ဘူး "ဟုပြောသည်။

ယမန်နေ့က ဘူးသီးတောင်မြို့ပေါ်တွင် နေ့လယ်မှစတင်ပြီး ဘူးသီးတောင်အခြေစိုက်တပ်ရင်းများမှလက်နက်ကြီးများ ပစ်ခတ်မှုရှိခဲ့ကြောင်း၊  ယမန်နေ့ညဉ့်အချိန် ရန်အောင်မြေစစ်ရှောင် စခန်းထဲသို့ သေနတ် ဝင်ရာက်ပစ်ခတ်မှုများမှာ မည်သည့်အကြောင်းအရင်းကြောင့်ပစ်ခတ်ရသည်ကို မသိရှိရကြောင်း နောက်ထပ် စစ်ဘေးရှောင်တစ်ဦးကပြောသည်။

"ဘာအကြောင်းကြောင့်ပစ်တာလဲတော့မသိဘူး။စခန်းပတ်ပတ်လည် အနီးအနားတွေကလည်း ပစ်တယ်။ ပစ်တာက အများကြီးပစ်ခဲ့တယ်။ ကြောက်လို့ ပုန်းတဲ့သူပုန်းကြတယ်၊ကျနော်တို့လည်း အိမ်ကြမ်းခင်းအောက်မှာ ဆင်းထိုင်နေကြခဲ့ရတယ်။ စခန်းထဲမှာတော့ ကျည်တွေကျတာ၊ထိတာမရှိဘူး။ ကျန်တဲ့နေတွေမှာတော့ ကျတယ်လို့ ထင်တယ်" ဟုပြောသည်။

အဆိုပါဘူးသီးတောင်မြို့ရှိ ရန်အောင်မြေစစ်ဘေးရှောင်စခန်းကိုပြီးခဲ့သည့် စက်တင်ဘာလက ပြည်နယ်စစ်ကောင်စီမှ နေရပ်ပြန်ခိုင်းထားပြီး ယခုသေနတ်ပစ်ခတ်မှုသည်စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ခြောက်လှန့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ၎င်းက ပြောဆိုသည်။

၎င်းပြင် ၎င်းစစ်ဘေးရှောင်စခန်းကို  လူကယ်ပြန်ကဆန်ရိက္ခာဖြတ်တောက်ထားသည်မှာလည်း ၃ လကျော်နီးပါးကြာမြင့်နေပြီဟု စစ်ဘေးရှောင်များကပြောသည်။

စစ်ဘေးရှောင်အများစုသည် လက်ရှိတိုက်ပွဲများ တကျော့ပြန် ဖြစ်နေသဖြင့်မိမိနေရပ်များသို့ မပြန်လိုကြဟု သိရသည်။ ၎င်းပြင် စစ်ကျန်လက်နက်ခဲယမ်းများ၊ မိုင်းများကိုလည်းသက်ဆိုင်ရာ အဖွဲ့အစည်းများက ရှင်းလင်းမှု မပြုလုပ်ရသေးသဖြင့် နေရပ်ပြန်ရန် စိုးရိမ်နေကြသည်ဟု၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် ရက္ခိုင့်တပ်တော်  (AA)နှင့် မြို့နယ်အချို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး  လက်နက်ကြီးများကိုလည် ညစဉ်လိုလို နေရာအများအပြားသို့ပစ်ခတ်နေ၍   မင်းပြား၊ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင်သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုတို့ရှိနေသည်ဟုသိ၇သည်။ (NN-8)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.