စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်(၁၁)ခုမှ စစ်ဘေးရှောင်များကို ယခုမိုးရာသီကုန်လျှင်နေရပ်ပြန်ရန် စစ်ကောင်စီညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.3k

နိရဉ္စရာ၊ အောက်တိုဘာ /၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၁၁) ခုမှ စစ်ဘေးရှောင်ပြည်သူများကို ယခုလာမည့်မိုးရာသီကုန်လျှင် မိမိတို့ နေရပ်သို့ပြန်ရန် စစ်ကောင်စီက ယမန်နေ့၌ ညွှန်ကြားလိုက်သည်ဟု သတင်းရရှိသည်။

ယမန်နေ့ အောက်တိုဘာ ရက် နေ့လယ်က  ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းတာဝန်ခံများကိုခေါ်ယူကာ ထိုသို့  ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများက နိရဉ္စရာသတင်းဌာကို ပြောသည်။

အဆိုပါညွှန်ကြားရာတွင် ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ စခန်းနေပြည်သူများကို မိုးရာသီကုန်လျှင် မိမိတို့နေရပ်ကိုပြန်ကြရန်နှင့် နေရပ်ပြန်မည့်အိမ်ထောင်စုများကို စစ်ကောင်စီက ငွေကျပ်တစ်သိန်းနှင့် ဆန်ရိက္ခာတစ်လစာထောက်ပံ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

နေရပ်မပြန်လိုသည့် အိမ်ထောင်စုများအနေဖြင့်လည်း စစ်ဘေးရှောင် စခန်းများ၌နေသည်ဖြစ်စေ၊  သတ်မှတ်ချပေးထားသည့် နေရာများတွင် နေသည်ဖြစ်စေ  မိမိအစီအစဉ်နှင့်  မိမိနေထိုင်စားသောက်ရမည် ဖြစ်ပြီး ပြည်နယ်စစ်ကောင်စီက တစ်စုံတစ်ရာထောက်ပံ့ပေးမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း စစ်ဘေးရှောင်စခန်းတာဝန်ခံများကပြောသည်။

ထို့သို့ညွှန်ကြားချက်ကို ပြည်နယ်ကောင်စီမှတဆင့် မြို့နယ်ထွေအုပ်ထံသို့ ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး၊ ထွေအုပ်မှ တစ်ဖန် စစ်ဘေးရှောင်စခန်း တာဝန်ခံများကို ထပ်ဆင့် ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။  

၎င်းပြင် စစ်ဘေးရှောင်စခန်းတာဝန်ခံများကို နေရပ်ပြန်လိုသည့် လူဦးရေနှင့် နေရပ် မပြန်လိုသည့် လူဦးရေစာရင်းများကိုလည်း ကောက်ခိုင်းသည်ဟုလည်း ပြောဆိုသည်။

ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်း တာဝန်ခံတစ်ဦးက "သူတို့က မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးမှာရှိတဲ့ စစ်ဘေးရှောင်တွေ အနေနဲ့ အခုမိုးကုန်တာနဲ့ နေရပ်ကိုပြန်ရမယ်။ ရွာမှာကျန်နေခဲ့တဲ့ ပျက်သွားတဲ့ အိမ်တွေကိုလည်း သူတွေကိုလည်း သူတို့က ပြန်ဆောက်ပေးမဲ့ ပုံစံမျိုး မဟုတ်ဘူး။ ကျနော်တို့ စခန်းတာဝန်ခံတွေမြင်တာကတော့ ဒီအချိန်မှာ စစ်ဘေးရှောင်တွေအနေနဲ့ မိမိနေရပ်ကိုပြန်ဖို့ကျတော့ အရမ်းခက်ခက်ခဲခဲပါ၊ အခုစစ်ဘေးရှောင်တွေထပ်ပြီးတိုးလာနေတဲ့အချိန်မှာ အရင်ကရှိနေတဲ့ သူတွေကို နေရပ်ပြန်ခိုင်းတာကတော့ သေတွင်းထဲကို ထည့်တာနဲ့ အတူတူပါဘဲ" ဟုပြောသည်။

လက်ရှိရခိုင်တွင် ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့အကြား မကြာခဏဆိုလျှင် ထိတွေ့တိုက်ပွဲငယ်များနှင့် စခန်းသိမ်းရင်ဆိုင်တိုက်ပွဲများ  မြို့နယ် အများအပြားတွင် ဖြစ်ပွားလျက်ရှိနေပြီး  မြန်မာစစ်ကောင်စီ တပ်ဘက်မှလည်း လူနေကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်ရည်ရွယ်ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ယခုအချိန် မိမိနေရပ်သို့ပြန်ရန် အန္တရာယ်များသည်ဟု စစ်ဘေးရှောင်များက ဆက်လက် ပြောဆိုကြသည်။

ထို့အပြင်ကျောက်တော်မြို့နယ်ရှိ ပြိုင်းတိုင်း၊ မုန့်သန်းပြင်နှင့် တင်းမကြီး ကျေးရွာ အစရှိသည့်ကျေးရွာတို့တွင် ပြီးခဲ့သည့်နှစ်များက မီးလောင်၍ အိုးအိမ်ပျက်စီးသွားမှုများရှိသဖြင့် နေရပ်ပြန်လျှင်လည်း နေထိုင်မည့် အိမ်များပြန်လည်ဆောက်လုပ်ခြင်းမရှိသေးဘဲ စစ်ကျန်လက်နက် အန္တရာယ်များ၊ မိုင်းများကိုလည်း စိုးရိမ်နေရကြောင်း သိရသည်။

ယခုအချိန်တွင် စစ်ကောင်စီမှ စစ်ဘေးရှောင်ပြည်သူများကို နေရပ် ပြန်ခိုင်းနေခြင်းသည် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်စီစဉ်နေခြင်း ဖြစ်နေသည်ဟု ထင်မှတ်မိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက သူ့အမြင်ကို ပြောသည်။

"ငါ့ဆန္ဒသဘောတခုနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ ရွေးကောက်ပွဲ အတွက် ကြိုတင် အစီအစဉ် ထားတယ်လို့ထင်တယ်။ ဒီကလူတွေ ရွာပြန်သွားမှ ရွာမှာလူရှိမယ်လေ။ ဒါမှမဲရုံတွေဘာတွေ ဖြည့်လို့ရမှာပေါ့။ ဒီလိုသဘောပဲလို့ ထင်တယ်။ ကိုယ့်ပုဂ္ဂလိဂအထင်တစ်ခုထဲပဲပေါ့။ ဒီလိုမျိုးညွှန်ကြားတာက တစ်နိုင်ငံလုံးလို့ပြောတယ်။ ဒါကဟိုအစိုးရအဖွဲ့ရုံးကနေ၊ ပြည်နယ် အစိုးရအဖွဲ့ကနေအစည်းအဝေးဆုံးဖြတ်ချက်ကို နယ်လုံဝန်ကြီးက မြို့နယ်တွေကို ညွှန်ကြားတာလို့သိရတယ်" ဟုပြောသည်။

လက်ရှိကျောက်တော်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၁၁ ခုရှိပြီး လူဦးရေအားဖြင့် ၇၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိကျောက်တော်မြို့အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးရှိ စစ်ဘေးရှောင် စခန်းများကို လူကယ်ပြန်ကထောက်ပံ့သည့် ဆန်ရိက္ခာ မထောက်ပံ့သည်မှာလည်း အချိန် လကျော်ခန့်ကြာမြင့်နေပြီဖြစ်ကာ   နိုင်ငံတကာ အန်ဂျီအိုများနှင့် လူမှုအဖွဲ့အစည်းများမှ သွားရောက်ကူညီမှုကိုလည်း တင်းတင်းကျပ်ကျပ်စစ်ကောင်စီက ပိတ်ပင်ထားသည်။

ထိုသို့ စစ်ဘေးရှောင်များကို မပြန် ပြန်အောင် စစ်ကောင်စီက  စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာ အကူအညီများကို ပိတ်ပင်ထားပြီး ဖိအားပေးနေမှုသည် လူမဆံသည့်လုပ်ရပ်ဖြစ်သည်ဟုလည်း ပြောဆိုဝေဖန်မှုမျာ ထွက်ပေါ်နေကြောင်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ