နိရဉ္စရာ၊ အောက်တိုဘာ ၅/၂၀၂၂
၇ခိုင်ပြည်နယ်၊ မင်းပြားမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် စစ်ကောင်စီက ယနေ့ ညအချိန်၌ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
ယနေ့အောက်တိုဘာလ ၅ ရက်၊ ညည့် ၈ နာရီခန့်တွင် မင်းပြားမြို့ရှိ (၅၄၁)တပ်ရင်းမှ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်ကြောင်း မည်သည့်နေရာသို့ ပစ်ခတ်နေသည်ကို ဒေသခံများအနေဖြင့် မသိရှိ၇သေးဘဲ လက်နက်ကြီးပစ်ခတ်သံများကို ၈ ကြိမ်ခန့် ဆက်တိုက်ကြားနေ၇ကြောင်း မင်းပြားမြို့ခံတစ်ဦးက ညည့် ၈ နာရီခွဲခန့်က နိရဉ္စရာက ဆက်သွယ်မေးမြန်းရာတွင်ပြောသည်။
" လက်နက်ကြီးပစ်နေတာကတော့ ကျိန်းတောင်ပေါ်ကနဲ့ ကြပ်စင်တံတားပေါ်ကပဲ ဖြစ်မယ်။ ကျနော်တို့ ကြားနေ၇တာကတော့ ရှစ်ခေါက်လောက်ကို ရှိပြီ။ နယ်ကျေးရွာတွေဘက်ကို ပစ်နေတာထင်တယ်။ လက်နက်ကြီးတွေ ဘယ်ရွာတွေမှာ သွားကျနေလဲတော့ မသိ၇သေးဘူး။ ညအချိန်ဆို သူတို့က လက်နက်ကြီးတွေပစ်ပြီ အခုတလော နေ့တိုင်းလိုလိုဘဲ" ဟုပြောသည်။
နောက်ထပ်မင်းပြားဒေသခံတစ်ဦးက ""၈ နာရီမထိုးခင်ကနေပစ်နေတာပါ။ မင်းပြား ၅၄၁ တပ်ရင်းနဲ့ မယ်တော်တောင်ကနေ ကြပ်စင်ဘက်ကိုပစ်နေတာပါ။ အခု ကျနော်သိသလောက် ၆ လုံး၊ ၇ လုံးရှိပြီ" ဟုပြောသည်။
ထို့အပြင် ဘူးသီးတောင်ဗျူဟာမှနေ၍လည်းည ၈ နာရီခန့်မှစကာ စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေသည်ဟု ခန့်မှန်းမိကြောင်း ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။
" ထမင်းစားနေတုန်းမှာ ကြားလိုက်၇တယ်။ လက်နက်ကြီးပစ်တာ မနေ့ကလည်း သုံးကြိမ်လောက်ကြားလိုက်၇တယ်။ ဘူးသီးတောင်ကနေ နယ်ဘက်တွေကို ပစ်နေတာထင်တယ်" ဟုပြောသည်။
နောက်ထပ်ဘူးသီးတောင်မြို့ခံတစ်ဦးက "မနေ့ကလည်း ပစ်ပါသေးတယ်။ လက်ရှိ ဘူးသီးတောင်မြို့မှာတော့ ၈ နာရီ ၅ မိနစ်က အနောက်ကွင်း(၅) ရပ်ကွက်ဘက်မှာ အခုလေးတင် မြို့နဲ့အနီးကပ် လက်နက်ကြီးတွေပစ်နေပါတယ်" ဟုပြောသည်။
အဆိုပါဘူးသီးတောင်မြို့တွင် လက်နက်ကြီးများ ပစ်ခတ်နေသည်မှာ ၃ ရက်ဆက်တိုက်ရှိပြီဖြစ်ကာ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကဆိုလျှင်လည်း မြို့ထဲတွင် လက်နက်ငယ်ပစ်ခတ်မှုများ အထိ ရှိခဲ့သည်ဟု မြို့ခံအမျိုးသမီးတစ်ဦးကဆိုသည်။
"၃ ရက်ဆက်တိုက် ရှိပြီ လက်နက်ကြီးပစ်တာ။ ၃ ရက်နေ့ကဆို လက်နက်ငယ်ပါ မြို့ထဲမှာပစ်တယ်။ ဒီနေ့လည်း လက်နက်ကြီးက တောက်လျှောက်ပစ်နေတာပါ။ မနက် ၇ နာရီလောက်ကနေ ကြားနေ၇တာပါ။ အခုထိပစ်နေတာပဲ"ဟုပြောသည်။
စစ်ကောင်စီတပ်သည် မင်းပြားနှင့်ဘူးသီးတောင်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်မှစကာ ညအချိန်ရောက်ပြီဆိုလျှင် လက်နက်ကြီးအသံများကြားနေ၇သည်မှာ နေ့စဉ်ရက်ဆက်သလိုရှိနေပြီ အေအေကို ကြောက်လှန့်ကာ ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။