Preview

ကျောက်တော် ခေါင်းတုတ်ရွာကို စစ်တပ်က ညဥ့်အချိန် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခဲ့မှုကြောင့် နေအိမ် ၃ လုံးပျက်စီးသွားပြီးနောက် ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေး

အောက်တိုဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :1192
ရခိုင် သတင်း

နိရဥ္စရာ၊အောက်တိုဘာ ၆ /၂၀၂၂


၇ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ခေါင်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်ညဥ့်အချိန်က လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်မှုကြောင့် ရွာထဲရှိ နေအိမ် ၃လုံးပျက်စီးသွားပြီးနောက် ရွာလုံးကျွတ် ကြောက်လန့်ထွက်ပြေးနေကြရပြီဟုရွာသားများက ပြောသည်။

 

ယမန်နေ့ညကစစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များပစ်ခတ်ခဲ့မှုကြောင့် ရွာထဲရှိ ဦးမောင်ညိမ်း၏နေအိမ်၁ လုံး မီးလောင်ပြာကျသွားခဲ့သလို အနီးအနားရှိ နေအိမ် ၂ လုံးလည်းတစ်စိတ်တစ်ပိုင်း မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။


ခေါင်းတုတ်ကျေးရွာကို ယမန်နေ့အောက်တိုဘာလ ၅ ရက် ညနေ ရနာရီခန့်မှစတင်ကာ ယနေ့ အောက်တိုဘာ ၆ ရက် ညဥ့်၁ နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ကာလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ယနေ့ မွန်းတည့်ချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များရွာတွင်းသို့ ထပ်မံဝင်ရောက်လာမည်ဟု သတင်းများကြားသိ၇သည့်အတွက် ယနေ့အောက်တိုဘာ ၆ ရက် နံနက်မှစတင်ကာ လုံခြုံသည့်နေရာများသို့စတင်ထွက်ပြေးနေကြခြင်းဖြစ်သည်ဟု ထွက်ပြေးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးကနိရဥ္စရာကိုပြောသည်။


စစ်သားတွေက ညဥ့် ၁နာရီလောက်မှာ ပြန်ပြီးရွာပြင်မှာ ကင်းပုန်းဝပ်နေတယ်လေ။ သူတို့က အပြီးအပိုင်မသွားဘူး။အခုလည်း မွန်းတည့် ၁၂ နာရီလောက်ဆို ပြန်ဝင်မယ်လို့ သတင်းကြားလို့အားလုံးပြေးကြတာဟုပြောသည်။


အဆိုပါရွာသည်ကျောက်တော်အထက် ရေမိုင်ဖြင့်ဆိုရင် ၃ မိုင်ကျော်ခန့်တွင်တည်ရှိပြီး နေအိမ် ၁၆၀နှင့် လူဦးရေ ၇၀၀ ခန့်ရှိသည်ဟု သိ၇သည်။


လက်ရှိတွင် ရွာမှကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများပါမကျန် အားလုံး ထွက်ပြေးနေကြခြင်းဖြစ်သည်ဟုထွက်ပြေးနေသည့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။


ခါးဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ထွက်ပြေးနေရတာ။ အိမ်က ပစ္စည်းတွေလည်း ယူခဲ့ရသူတွေရှိတယ်။ မယူခဲ့ရဘဲထွက်ပြေးလာရသူတွေလည်းရှိတယ်။ ရွာကို ဘယ်တော့ပြန်လာနိုင်မလဲဆိုတာလည်းမပြောတတ်ဘူး။ သူတို့ ၁၂ နာရီလောက်မှာ ပြန်ဝင်မယ်လို့ ကြားထားတယ်။သူတို့ဆက်လို့ဝင်ရင်တော့ ဘယ်ကိုပဲ ရောက်ရောက် ပြေး၇တော့မှာပဲဟု ပြောသည်။


စစ်ကောင်စီ စစ်ကြောင်းတစ်ခုသည်ယမန်နေ့ ညနေ ၄ နာရီခန့်က ရွာထဲကို ပထမအကြိမ်ဝင်ရောက်ခဲ့ပြီးပြန်ထွက်သွားကာ ညနေ ရ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံဝင်ရောက်လာစဉ် ရွာထဲကိုသေနတ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့်ရွာသားများက ပြောသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ခေါင်းတုတ်ကျေးရွာအနီးရှိနဂရာကျေးရွာထဲသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲ၍ ဒေသခံများ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့သည့်အတွက်ရွာလုံးကျွတ်ထွက်ပြေးနေ၇သည်ဟု ဒေသခံများက ပြောသည်။


(ဓာတ်ပုံ- ယခင်ပုံဟောင်း)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.