စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်ကောင်စီက လက်နက်ကြီးများ၊ဂျက်လေယာဉ်များဖြင့်ပါပစ်ခတ်၍ ရသေ့တောင်မြို့နယ် မြောက်ပိုင်းမှ တစ်ပတ်အတွင်း လူပေါင်း ၁၀၀၀ ကျော်အိုးအိမ်စွန့်ခွာထွက်ပြေးရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 724

နိရဉ္စရာ၊ အောက်တိုဘာ /၂၀၂၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ ရေစိုးချောင်းဗျူဟာမှ အနီးအနားရှိ လူနေကျေးရွာများနှင့် အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သလို ဂျက်လေယာဉ်များဖြင့်လည်း ပစ်ခတ်မှုများရှိခဲ့သည့်အတွက် အောက်တိုဘာလ ပထမအပတ်အတွင်း ေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။

စစ်ကောင်စီ ရေစိုးချောင်းဗျူဟာမှ ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်မှစတင်ပြီး အောက်တိုဘာလ ၆ ရက်အထိ  လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် အောက်တိုဘာလ ၅ ရက်ကဆိုလျှင်လည်း ဂျက်ဖိုက်တာများဖြင့် နေ့ရောညပါ လူနေကျေးရွာများအနီးဝန်းကျင်ရှိ တောင်တန်းများကို ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့သို့ပစ်ခတ်မှုများရှိနေ၍ ဒေသခံကျေးရွာသားများမှ ကြောက်လန့်စိုးရိမ်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ရသေ့တောင်မယူကမ်းသို့ထွက်ပြေးလာသည့် ဒေသခံတစ်ဦးက ပြောသည်။

"အခု မနေ့က နေ့လယ်လောက်ကလည်း တစ်လုံးနှစ်လုံးပစ်တာကြားလိုက်တယ်။ အရင်တစ်ရက်နေ့လောက်ကလည်း ရှောင်လာကြရတာ သူတို့ပစ်နေတုန်းအချိန်မှာ။ ကျနော်တို့နဲ့အတူ ဒီမှာ လူ ၅၀၊ ၆၀လောက်တော့ပါလာကြတယ်။ ရသေ့တောင် ကယ်ဆယ်ရေး ဘက်ကိုလည်း ပြေးသွားကြတဲ့သူတွေရှိတယ်။ ဒီလ ၅ ရက်နေ့ကလ်း ဂျက်တိုက်လေယာဉ်နဲ့လာပစ်တယ်၊ အိပ်လို့မရဘူး။ ရွာမှာက ယောင်္ကျားနည်းနည်းလောက်ပဲ ကျန်ခဲ့တာ၊ ကျွဲတွေနွားတွေလည်းကျန်ခဲ့တော့ သူတို့ကိုကြည့်ရအုံးမှာလေ။ ဒီလိုသာဆက်ပြီး ပစ်နေသေးရင် ကျနော်တို့အကြာကြီး ထွက်ပြေးရအုံးမယ်ဆိုရင် အခက်အခဲတွေကတော့မျိုးစုံရှိလာမှာပါပဲ" ဟုပြောသည်။

စစ်ကောင်စီတပ်များက လေးငါးရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ထွက်ပြေးနေကြရသော ကျေးရွာများမှာ ပြိန်းတော၊ ညောင်ပင်လှ၊ မညှင်းတောင်၊ ဗောဓိကုန်း၊ ကုန်တန်း၊ ကုလားချောင်း၊ ရေမျက်၊ သမီးလှ အစရှိသည့်ကျေးရွာများဖြစ်ကြပြီး တစ်ရက်ထက်တစ်ရက်ထွက်ပြေးနေကြသူ ပိုများပြားလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဒေသခံတွေကတော့ အရင်ကနေလည်း ကြောက်ပြီးထွက်ပြေးနေကြတဲ့သူတွေရှိတယ်။ အခု ကျန်ရစ်ခဲ့တဲ့သူတွေ တသုတ်ထပ်ပြီး ထွက်ပြေးနေကြတာပါ။ လူဦးရေကတော့ ထောင်နှင့်ချီပြီး ရှိပါမယ်။ ထွက်ပြေးနေကြတာကတော့။ ရွာတွေမှာ ရွာသားတွေတောင် မရှိတော့ဘူး၊ ယောင်္ကျားလေးနည်းနည်းပဲကျန်ခဲ့တော့တာ။ အခုလည်း ဆက်ပြီးပြေးနေကြတာတွေရှိတယ်။ ညဉ့်မှာလည်း ဂျက်တိုက်လေယာဉ်တွေနဲ့လာပြီးပစ်ကြတော့ ကြောက်ရတယ်လေ" ဟုပြောသည်။

အောက်တိုဘာ ၆ ရက် နေ့လယ် ၁၂ နာရီခန့်ကလည်း စစ်ကောင်စီဇက်ရေယာဉ်က အနီးအနားရှိ ရေမျက်၊ ပြိန်းတော၊ ညောင်ပင်လှ၊ ကုန်တန်း၊ ကုလားချောင်း အစရှိသည့် ကျေးရွာများသို့ လက်နက်ကြီး သုံးကြိမ်ခန့်ပစ်ခတ်မှုရှိခဲ့ပြီး လူနှင့်အဆောက်အအုံထိခိုက်မှုများ မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြန်မာစစ်ကောင်စီသည် ရသေ့တောင်မြို့နယ် မြောက်ပိုင်းတွင်အရေးပါသည့် ရေစိုးချောင်းဗျူဟာသည် ရက္ခိုင့်တပ်တော်(AA)လက်ထဲ မကျရောက်စေရန် နေ့စဉ်နေ့တိုင်း လေယာဉ်များ အသုံးပြု၍ ပစ်ခတ်ခြင်း၊ AA ရှိနိုင်သည်ဟု ယူဆသည့် နေရာများကို လက်နက်ကြီးများဖြင့် အဝေးမှ လှမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေရသည်ဟု ဒေသအတွင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင်လည်း အဆိုပါ ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင်အနီးအနားရှိ လူနေ ကျေးရွာများကို စစ်ကောင်စီများမှ လက်နက်ကြီးပစ်ခတ်မှုများ ရံဖန်ရံခါပြုလုပ်နေသလို ယမန်နေ့  နေ့လယ် ၁ နာရီကျော်ခန့်ကလည်း ဘူးသီးတောင်အခြေစိုက်တပ်ရင်းက ယင်းအနီးအနားသို့ လက်နက်ကြီးတစ်ကြိမ်ခန့် လှမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ (NN-8)

 

ဓာတ်ပုံ - လက်နက်ကြီးများဖြစ်ပစ်ခတ်နေမှုကြောင့် ရသေ့တောင်ဒေသခံများ ထွက်ပြေးနေကြစဉ် (ပုံဟောင်း) ဓာတ်ပုံ-  CJ

ဆက်စပ် သတင်းများ