စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဖမ်းဆီးခံခဲ့ရသည့် AFP ပါတီ ခေါင်းဆောင်နှစ်ဦးအနက်မှ ဦးမောင်ကောင်းပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.4k

နိရဥ္စရာ၊ အောက်တိုဘာ ၇/၂ဝ၂၂

ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဦးမောင်ကောင်းသည် ယမန်နေ့ ညဥ့်အချိန်က ပြန်လွတ်လာခဲ့သည်ဟု သိရသည်။

အသက် ၇ဝ ကျော်အရွယ် ဦးမောင်ကောင်းကို ယမန်နေ့ အောက်တိုဘာလ ၆ ရက် ညဥ့် ၁၁ နာရီကျော်တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာ၊ ကုန်ဘွေရပ်ကွက်ရှိ သူ၏နေအိမ်အနီးတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဦးမောင်ကောင်းအား ကိုယ်တိုင်သတင်းသွားရောက်မေးခဲ့သူတစ်ဦးက ပြောသည်။

၎င်းက ကျနော်သွားမေးကြည့်တော့ သူက ကျန်းမာရေးမကောင်းလို့ လွှတ်လိုက်တာလို့ ပြောတယ်။ သူက သွေးတိုးတတ်တယ်လို့ ပြောတယ် ဖမ်းတာကတော့ AA အဖွဲ့အစည်းက ဖမ်းတာလို့ ပြောတယ်။ သူက အဲဒီစခန်းအထိတောင် ရောက်ခဲ့တာကိုး။ အဲဒီမှာ သူ့ကို မေးမြန်းစစ်ဆေးတယ်လို့ ပြောတယ်။ဟု ပြောသည်။

ဦးမောင်ကောင်းသည် ရခိုင့်ဦးဆောင်ပါတီ(AFP)၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်ပြီး AFP ပါတီ၏ အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် အမတ်ဟောင်း အသက် ၅ဝ ကျော်အရွယ် ဦးကျော်လွင်နှင့်အတူ အောက်တိုဘာလ ၄ ရက်ညတွင် လက်နက်ကိုင်တစ်စု၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

ဦးမောင်ကောင်းနှင့် ဦးကျော်လွင်တို့ကို မျက်နှာဖုံးစွပ်၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် မည်သည့်နေရာသို့ခေါ်ဆောင်သွားသည်ကို မသိခဲ့ရသလို ဦးကျော်လွင်နှင့် တစ်ယောက်တစ်နေရာ မေးမြန်းစစ်ဆေးခံခဲ့ရသည်ဟုလည်း သိရသည်။

ကျနော်က သွားမေးကြည့်တော့ သူ့ကို ကျနော်တို့အဖွဲ့အစည်းလုပ်နေတာကို ဘယ်လိုအခြေအနေမြင်လဲ။ ဘယ်လိုသဘောထားရှိလဲ။ အဲဒါတွေကို မေးမြန်းတယ်လို့ပြောပါတယ်ဟု ပြောသည်။

ဦးမောင်ကောင်းနှင့် ဦးကျော်လွင်တို့သည် အောက်တိုဘာလ ၄ ရက်ညတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာအနီး ဦးကျော်လွင်ပိုင်ဆိုင်သည့်စိုက်ပျိုးခြံအတွင်းရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးမောင်ကောင်းကို ပြန်လွှတ်ပေးပြီး ဦးကျော်လွင်ကို ဆက်လက်ဖမ်းဆီးထားခြင်းအပေါ် စိတ်မကောင်းဖြစ်ရလို ဖြစ်နိုင်လျှင် အမြန်ဆုံးပြန်လွှတ်ပေးစေလိုသည်ဟုလည်း ဦးကျော်လွင်၏မိသားစုဝင်တစ်ဦးက ပြောသည်။

မိသားစုတစ်ယောက်အနေနဲ့ ပြန်လွတ်စေချင်တယ်။ တကယ်တမ်း ဖမ်းဆီးထိန်းသိမ်းထားရင်လည်း ဥပဒေအတိုင်းလုပ်စေချင်တယ်။ မိသားစုကို အကြောင်းကြားပြီးတော့ တရားဝင် ထုတ်ပြန်ပြီးတော့ ကျနော်တို့ဖမ်းဆီးထားတယ်။ ထိန်းသိမ်းထားတယ်။ မေးမြန်းဖို့ရှိတယ် ဘာညာတစ်ခုခုဆိုရင်တော့ ကျနော်တို့ လိုချင်တယ်။ သူတို့မှာလည်း မေးမြန်းစရာရှိရင် မေးမြန်း၊ စစ်ဆေးစရာရှိရင် စစ်ဆေးပေါ့။ တကယ်လို့ အပြစ်မရှိဘူးဆိုရင်လည်း မြန်မြန်ဆန်ဆန်ပြန်လွှတ်ပေးစေချင်တယ်ဟု ပြောသည်။

အောက်တိုဘာလ ၂ ရက် ညနေပိုင်းက မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း(၆ဝ နှစ်) ဓားထိုးအသတ်ခံရမှုကိစ္စနှင့်ပတ်သက်ပြီး ဦးကျော်လွင်သည် သူ၏လူမှုကွန်ရက်တွင် ဝေဖန်သုံးသပ်သည့်သဘောမျိုးစာသားအချို့ကို နောက်တစ်နေ့ အောက်တိုဘာလ ၃ ရက်တွင် ဝေဖန်ရေးသားခဲ့သည်။

ယင်းသို့ရေးသားခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူများအကြား ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် ဦးကျော်လွင်က ထိုရေးသားချက်ကို ဖျက်ကာ တောင်းပန်ကြောင်း ဆက်လက်ရေးသားခဲ့သေးသည်။

ဦးကျော်လွင်၏ရေးသားချက်အပေါ် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဦးကျော်လွင်နှင့် ဦးမောင်ကောင်းတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို သတ်ဖြတ်သွားသူများမှာ PDF အမည်ခံအဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

သူသည် ၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့အတွက် ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်နေရာကို ရခိုင့်ဦးဆောင်ပါတီမှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်

ယင်းအပြင် ၂ဝ၁၅ မှ ၂ဝ၂ဝ အထိ ရခိုင်အမျိုးသားပါတီ(ANP)ပါတီကိုယ်စားပြုကာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။

ဆက်စပ် သတင်းများ