အမ်းမြို့နယ် တလိုင်းတောင်ရွာမှ အရပ်ဆေးဆရာတစ်ဦးကို စကစတပ်က ဖမ်းဆီးပြီးနှိပ်စက်နေ


နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာမှ အရပ်သားဆေးဆရာတစ်ဦးကို စကစတပ်က ဖမ်းဆီးကာ ရိုက်နှက်နှိပ်စက်နေကြောင်း သတင်းရရှိသည်။  

၎င်းဆေးရာမှာ တလိုင်းတောင်ကျေးရွာမှ ဦးအောင်ဆန်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီခန့်တွင် ၎င်း၏နေအိမ်ကို ဝင်ရောက်ဖမ်းဆီးကာ ရိုက်နှက်နေကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

 "မနေ့က မနက် ၁၀ နာရီလောက်ကတည်းက ရွာကို စစ်ကြောင်း ရောက်နေတာပါ။ ဒီနေ့ ၁၀ နာရီလောက်မှာတော့ ရွာမှာ ဆေးထိုး၊ ဆေးကုနေတဲ့ ဦးအောင်ဆန်းကို အိမ်မှာဝင်ဖမ်းပြီးသူတို့ ကားလမ်းထက်မှာ ကျောက်ကန်ပြီးရိုက်နှက်ပါတယ်။ အရိုက်ခံနေရလူကလည်း အော်ပါတယ်။ တစ်ရွာလုံးကြားရပါတယ်။ အခုဘုန်းကြီးကျောင်းမှာ ကြိုးနဲ့ချည်ထားတယ်လို့ သိရပါတယ်"ဟု ပြောသည်။

နှိပ်စက်ထားသည့်အတွက် ဒဏ်ရာများရရှိနေပြီး ဆေးကုသခွင့်မရသည့်အတွက် စိုးရိမ်စရာအခြေအနေ ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

"ဘာလို့ အခုလိုသူ့ကိုရိုက်တယ်လို့ ကျနော်တို့လည်း သေချာမသိပါဘူး။ သူတို့ စစ်သားတွေရှိနေတဲ့ နေရာတွေကို ဝင်လို့လည်း မရသလို သူတို့လုပ်ရပ်ကိုလည်းဝင်စွက်ဖက်လို့မရတော့ ဘာတွေ ဖြစ်နေလည်း သေချာမသိပါဘူး။ ကျနော်တို့ သိသလောက်က သူ အေးဆေးနေထိုင်နေသူပါ။ နိုင်ငံရေးတွေ၊ တခြားပြစ်မှုတွေလည်း သူပတ်သက်တာမျိုးလည်း မကြားဖူးပါဘူး။ အခု ရိုက်နှက်ခံထားရလို့ ဆေးကုခွင့်လည်းမရဘဲ အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်လို့ ကြားရပါတယ်"ဟု ပြောသည်။

ယင်းအပြင် တခြားဒေသခံတချို့ကိုလည်း စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဦးအောင်ဆန်၏ညီ ဦးအောင်ငြိမ်းကို စစ်တပ်က လိုက်ရှာနေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့ နေ့လယ်  (၁၂)နာရီခွဲခန့်က တလိုင်းတောင်ရွာမှ အမျိုးသမီးနှစ်ဦးကို ဦးအောင်ငြိမ်းကို ရှာဖွေရန် အတွက် လမ်းပြအဖြစ် ခေါ်ဆောင်သွားသည်ဟု  တလိုင်းတောင်ကျေးရွာသားတစ်ဦးက ပြောသည်။

"အခု ဦးအောင်ဆန်းကို ဖမ်းချည်ထားပြီး ဘုန်းကြီးကျောင်းမှာ စစ်သား (၁၀) ကျော်ကျန်ခဲ့ပြီး ကျန်တဲ့စစ်သားတွေက သူ့ညီကိုဖမ်းဖို့လိုက်ရှာဖို့အတွက် သွားကြပါတယ်။ ရွာကအမျိုးသမီး နှစ်ယောက်ကို လမ်းပြဖို့တောထဲကို ခေါ်သွားပါတယ်။ အခုထိ ပြန်မရောက်သေးဘူး"ဟု ပြောသည်။

ယခုကဲ့သို စစ်တပ်၏လူမဆန်သည့်လုပ်ရပ်များကြောင့် ကြောက်လန့်ကာ တလိုင်းတောင်ရွာမှ ယောကျ်ားများမှ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ရခိုင်မှ မြို့နယ်အနှံ့အပြားတွင် စစ်ကောင်စီက အေအေနှင့်ဆက်စပ်သည်ဟုဆိုကာ သံသယရှိသူများကို ဆက်တိုက်ရှာဖွေဖမ်းဆီးခြင်းများပြုလုပ်နေပြီး အပြစ်မဲ့ ဒေသခံအရပ်သားများကိုလည်း ဖမ်းဆီးနှိပ်စက်မှုများရှိနေကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

ယင်းအပြင် မြို့အဝင်အထွက်နေရာများတွင်လည်း စစ်ဆေးရေးဂိတ်များဖွင့်ကာ လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီးမှုများရှိနေကြောင်း သိရသည်။ (NN-7)

Share: