Preview

စစ်တွေတွင် ALP အဖွဲ့က သေနတ်ပစ်ခတ်ပြီး သံတုတ်ဖြင့်ရိုက်နှက်ခံရ၍ အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်ရရှိ၊ ကျူးလွန်သူရဲဘော် ၅ ဦးတိမ်းရှောင်နေဟုဆို

အောက်တိုဘာ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :1752
ရခိုင် သတင်း
နိရဥ္စရာ၊ အောက်တိုဘာ၁၀ /၂၀၂၂


၇ခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင်ယမန်နေ့ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ တပ်ဖွဲ့ဝင်အချို့က သေနတ်ပစ်ခတ်ပြီး သံတုတ်ဖြင့် ရိုက်နှက်သဖြင့်  အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ပြီး လက်ရှိတွင် ကျူးလွန်သူများမှာ ရှောင်တိမ်းနေသည်ဟု သတင်းရရှိသည်။

 

ဒဏ်ရာရရှိသွားသူများမှာ စစ်တွေမြို့၊စက်ရုံစုရပ်ကွက် အေးသာယာလမ်းမှ ဦးခင်မောင်ဝင်း (၃၇) နှစ်နှင့်သူ၏ ယောက်ဖဖြစ်သူ ဦးရန်နောင်စိုး (၃၉ နှစ်)တို့ဖြစ်ကြသည်။


ယမန်နေ့ အောက်တိုဘာ၉ ရက် နံနက် ၁၀ နာရီကျော်တွင် ရပ်ကွက်အတွင်းရှိ ဦးခင်မောင်ဝင်း ပိုင်ဆိုင်သည့် အရက်ဘီယာအရောင်းဆိုင်၌ရပ်ကွက်ထဲမှ (ALP)တပ်ဖွဲ့ဝင် လူငယ် ၃ဦးက အရက်လာဝယ်စဉ် အရောင်းဝန်ထမ်းအမျိုးသမီးငယ်က ယခင်ဝယ်ယူထားသည့်အကြွေးအား ပေးရန်တောင်းဆိုရာမှထိုလူငယ်များအနက် ၁ ဦးက ဒေါသဖြင့် ဆဲဆိုကြိမ်းမောင်း၍ ထွက်ခွာသွားခဲ့သည်ဟုဦးခင်မောင်ဝင်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။


ယင်းနောက် ALPတပ်ဖွဲ့ဝင် ၈ ဦးသည်သေနတ်များ၊ တုတ်/ဓားလက်နက်များကိုင်ဆောင်ကာ ကားတစ်စီးဖြင့် ပြန်လာပြီးဆိုင်အတွင်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု မျက်မြင်များကပြောသည်။


ယင်းသို့ပစ်ခတ်မှုကြောင့်ဆိုင်ရှင် ဦးခင်မောင်ဝင်းထွက်ပြေးရာ လဲကျသွားခဲ့ပြီးနောက် သူ့ကို သေနတ်ဖြင့်ပစ်ပြီး ဓားဖြင့်ပါထိုးသွားခဲ့သည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။


သူက လဲကျသွားတာနဲ့ဓားနဲ့လည်း ထိုးပစ်တယ်။ ဆက်တိုက်လည်းပစ်လိုက်လို့ ပေါင်မှာ ၃ ချက်ပစ်လိုက်ပါသေးတယ်ဟုပြောသည်။


ယင်းဖြစ်စဉ်ကြောင့်ဦးခင်မောင်ဝင်း၏ညာဘက်တင်ပါးတွင် သေနတ်ကျည်ဖောက်ထွက်ကာ ဝမ်းဗိုက်ကျည်ထိမှန်ပြီးဘယ်/ညာပေါင်တစ်ဘက်စီတွင်လည်း သေနတ်ကျည်ဆံထိမှန်ခဲ့သည်ဟြ ဆိုသည်။၎င်းပြင် ဝမ်းဗိုက်အားဓားထိုးဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သည်ဟု ပြောသည်။


အလားတူ လာရောက်ကြားဝင်ဖျန်ဖြေသည့်ဦးခင်မောင်ဝင်း၏ယောက်ဖ ဦးရန်နောင်စိုးကိုလည်း ALP တပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့မှုကြောင့်ဦးခေါင်းကွဲသည့်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။


ဒဏ်ရာ၇နေသည့် ဦးခင်မောင်ဝင်းနှင့်ဦးရန်နောင်စိုးတို့ ၂ ဦးကို ALP တပ်ဖွဲ့ဝင်များက ရပ်ကွက်တွင်းရှိသူတို့ရုံးသို့ ဖမ်းဆီး ခေါ်သွားခဲ့သည့်အတွက် သူတို့ ၂ ဦးကို ဆေးဝါးကုသလို၍ပြန်လွှတ်ပေးရေးကူညီပေးရန် မိသားစုကရပ်ကွက်ရှိ နယ်မြေရဲစခန်းအားအကြောင်းကြားခဲ့၇ပြီး ရဲတပ်ဖွဲ့က ပြောဆိုပြီးမှ ဆေးရုံတင်ခွင့်ရရှိခဲ့သည်ဟု ၎င်းတို့က ပြောဆိုသည်။


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သို့ ဆက်သွယ်ရာ  ဒုဗိုလ်မှူးကြီးကျော်ဇောက ယခုလို ပြောဆိုသည်။

"မနေ့ကဖြစ်စဉ်တွေကိုတော့ကျနော်မေးထားပြီးပါပြီ။ ကျနော်တို့ ရဲဘော် နှစ်ယောက်က ဖိနပ်ဝယ်ဖို့ သွားတယ်။ အဲ့ဒီအိမ်ကတော့ အရက်ရောင်းတယ်ပေါ့လေ။ကျနော်ရဲဘော်တွေက လူငယ်သဘာ၀ အရက်အကြွေးသောက်ထားလား။ သို့မဟုတ် အရက် ဝယ်သောက်လားမသိဘူး။အဲ့ဒီလိုတော့ ပြောတယ်။ဆိုင်ပိုင်ရှင်ကိုအရက်ကြွေး ၃၅၀၀ သွားဆပ်ရင်း စကားများဖြစ်တယ်လို့ ပြောတယ်။ မင်းတို့ ALPကဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ပါတီကိုမကောင်းပြောတော့စကားများ ဖြစ်ကြတယ်။အဲ့ဒီအချိန်မှာ  ဆိုင်မှာအငှားလိုက်နေတဲ့ မိန်းခလေးတစ်ယောက်က ALP တပ်ဖွဲ့ကဆိုပြီး အော်တယ်တဲ့။ အဲ့ဒီလိုအော်တော့ဆိုင်ပိုင်ရှင်၊ ဆိုင်ပိုင်ရှင်ယောက်ဖအပါအဝင် ဘေးနားက ၇ ယောက်၊ ၈ ယောက်က ဘေးတွဲသမားတွေပါဝင်ပြီးကျနော်တို့ရဲဘော်တစ်ယောက်ကို ရိုက်ကြတယ်လို့ ပြောတယ်။ နောက်ရဲဘော်တစ်ယောက်ကထွက်ပြေးလာပြီးစခန်းကိုလာအကြောင်းကြားလို့ စခန်းက တချို့တပ်မှူးငယ်တွေထွက်ပြီးလိုက်တယ်။ ဒီကလိုက်သွားတော့လည်းသူတို့က တုတ်နဲ့ဓားနဲ့ ခုတ်တယ်၊ သတ်တယ်လို့ပြောတယ်။ ဒီကအေးဆေးပြဿနာကိုဖြေရှင်းဖို့လိုက်ဖို့ပြောတယ်။ မလိုက်တော့ တုတ်နဲ့သတ်တယ်။ လက်လုပ်သေနတ်ကိုဝင်လုလို့ လက်လုပ်သေနတ်နဲ့ပစ်ခတ်မှုဖြစ်တယ်။ကျတာက ပေါင်မှာကျတယ်။ သေလောက်တဲ့ဒဏ်ရာတော့မဟုတ်ဘူး  ဟု ပြောဆိုသည်။

 

၎င်းပြင် ပြည်သူတွေအနေဖြင့် ဖြစ်ဖြစ်  မီဒီယာအနေနှင့်ဖြစ်ဖြစ် ပါတီတစ်ခုကိုအလွန်အကျွံ ပုတ်ခတ်ပါက ပဋိပက္ခပိုများနိုင်သည်ဟု ၎င်းက ပြောသည်။

 

ကျနော်တခုပြောချင်တာကပြည်သူတွေအနေနဲ့ဖြစ်ဖြစ် မီဒီယာအနေနဲ့ဖြစ်ဖြစ် ပါတီအဖွဲ့အစည်း တစ်ခုကို အလွန်အကျွံပုတ်ခတ်ပြီးအလွန်အကျွံအသုံးမကျတဲ့ပုံစံပြောနေရင် ပဋိပက္ခများမယ်။ ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာနှစ်ပေါင်း (၅၀) ကျော်ပြည်သူ အတွက် ရပ်တည် လာတာဖြစ်တယ်။ တချို့လူတွေက ALP ရပ်တည်မှုကိုမကြိုက်မနှစ်သက်တဲ့အပေါ် တချို့သော ပြည်သူတွေနဲ့ရောပြီး ALP ပျက်သုန်းရေးကိုလုပ်နေကြတယ်လို့ မီဒီယာတွေမှာရော facebook စာမျက်နှာတွေမှာရော မဟုတ်မမှန် အပုတ်ချပြောနေတာတွေကို  အမြဲတမ်း သုံးသပ်နေကြတယ်။ ဒါကပဲ  ALP ၏ရပ်တည်မှုကိုမရိုးသားတဲ့လူတွေက ရိုးသားတဲ့မိဘပြည်သူတွေနဲ့ ရောနှောပြီး အသုံးချနေတာကို ပြည်သူတွေအနေနဲ့ သတိထားဖို့ပြောချင်တယ်" ဟုပြောဆိုသည်။

 

ယခုအခါ ၎င်းပြစ်မှု ကျူးလွန်သူ ရဲဘော် ၅ ယောက်မှာ လရှောင်တိမ်းနေပြီးဆူး၊ဓား၊ သေနတ်များ ပါသွားနိုင်သဖြင့် နောက်ထပ်ပြဿနာမဖြစ်ဖို့ လက်လှမ်းတမီ တားဆီးနေသည်ဟုပြောကြားသည်။

 

"ကျနော်တို့က သက်ဆိုင်ရာဌာနဆိုင်ရာတွေကိုအပ်လိုက်တယ် အမှုအခင်းနဲ့ပတ်သက်လို့ ။ မနေ့က ဖြစ်တဲ့ကိစ္စက တပ်မှူးငယ်အပါအဝင် ရဲဘော် ၅ ယောက် အဲ့ဒီရဲဘော်တွေ ပါတီဥပဒေအရ၊ တပ်စည်းကမ်းဥပဒေအရ အရေးယူအပြစ်ပေးခံရမှာကိုသိလို့အခုရှောင်နေကြတယ်။ ကျနော်တို့လည်း လိုက်စုံစမ်းနေပါတယ်။ ဒီအတွက် ကျနော်တို့ အနေနဲ့လည်းရဲဘော်တွေဆုံးရှုံးမှာ၊ ဒီရဲဘော်တွေ အဝေးကိုရောက်သွားမှာကို စိုးရိမ်နေ၇တယ်။ နောက်ထပ်ပြဿနာမဖြစ်ဖို့ကို လက်လှမ်းတမီ တားဆီးနေပါတယ်။ အဲ့ဒီရဲဘော်တွေနဲ့အတူ တချို့သော စူး၊ဓား၊ သေနတ်ကတော့ အဲ့လောက်ကြီးကြီးမားမားပါတာမရှိဘူး။ သို့သော် အနည်းအကျဉ်း လက်လုပ်လေးတွေဘာလေးတွေပါသွားတာရှိနိုင်တယ်လို့ ကျနော်သုံးသပ်တယ်။ ဒဏ်ရာ၇သွားသူတွေကိုတော့အတတ်နိုင်ဆုံး ဆေးရုံတင်ထားတယ်။ ကျနော်တို့စဉ်းစားထားတာကသူတို့ဘက်ကသာ လာရောက်ညှိနှိုင်းရင် ကျနော်တို့ဘက်က အစွမ်းကုန်ဝင်ရောက်ကူညီပေးဖို့၊လုပ်ပေးဖို့အဆင်သင့်ရှိပါတယ်။ သို့သော် ကျနော်ပြောချင်တာက ပြည်သူအတွက် နှစ်ပေါင်း(၅၀) ကျော်ဖြတ်သန်းလာတဲ့ပါတီတစ်ခုဖြစ်တယ်။ ALP ရဲ့ရပ်တည်မှုကိုမကြိုက်မနှစ်သက်သူဟာ ရိုးသားတဲ့မိဘပြည်သူမဟုတ်ဘူးလို့သာ ကျနော်ပြောချင်တယ်" ဟု ဆိုသည်။

 

လက်ရှိတွင် သူတို့၂ ဦးသည် စစ်တွေမြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသနေ၇ပြီး ဦးခင်မောင်ဝင်း၏တင်ပါးမှတဆင့် ဝမ်းဗိုက်သို့ဝင်ရောက်သွားသည့် ကျည်ဆံအား ပြီးခဲ့သည့်ညကခွဲစိတ်ဖယ်ရှားလိုက်၇သည်ဟု မိသားစုဝင်က ပြောသည်။


ဒဏ်ရာရရှိခဲ့သူများ၏မိသားစုဝင်များကမူ နောက်ထပ်ယခုကဲ့သို့ သွေးထွက်သံယိုဖြစ်စဉ်များ မဖြစ်ပွားစေလိုဘဲ အေးအေးချမ်းချမ်းသာသာလုပ်ကိုင်စားသောက်လိုသည်ဟု ပြောဆိကြသည်။

#ALP
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.