နိရဉ္စရာ၊ အောက်တိုဘာ ၁၂/၂၀၂၂
စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ကျောက်တော်မြို့နယ်မှဒေသခံ ၆ ဦးမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံနေသည်ဟု သတင်းရရှိသည်။
အဆက်အသွယ်မ၇ ပျောက်ဆုံးနေသူ ၆ ဦးမှာ ကျောက်တော်မြို့နယ်၊ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်း(၄၃)၊ အပေါက်၀ ကျေးရွာမှ မောင်ချေ(ခ)ဦးမောင်သက်စိုး(၃၉)၊ ကဝိရနာစစ်ဘေးရှောင်စခန်းမှ အရပ်ဘက်ဆေးဆရာ ဦးကျော်ဟိန်း၊ ကျောက်တော်မဟာမုနိဘုရားအနီး ထမင်းဆိုင်က အဖမ်းခံ၇သူ ဦးမောင်စောသာအပါအဝင် ၃ ဦး တို့ ဖြစ်ကြသည်။
ကျောက်တော်မြို့နယ်၊ ကာဒီ(ခ)သဇင်ရွာမှ ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့်အပေါက်၀ ကျေးရွာမှ မောင်ချေ(ခ) ဦးမောင်သက်စိုးတို့ကို ကန်စောက်အခြေစိုက် (၅၃၉) တပ်ရင်းမှ တပ်ရင်းမှူးက ပြီးခဲ့သည့် အောက်တိုဘာ၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးစရာရှိသည်ဟုဆိုကာ ခေါ်ယူသွားပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေသည်ဟုမိသားစုက ပြောသည်။
ကဝိရတနာစစ်ဘေးရှောင်စခန်းမှ အရပ်ဘက်ဆေးဆရာဦးကျော်ဟိန်းကို ဇူလိုင် ၁၉ ရက် ည ၉ နာရီကျော်ခန့်တွင် ကျောက်တော် ရထားဘူတာ စစ်ဘေးရှောင်စခန်းသို့ ဆေးကုသပေးရန် သွားရောက်စဉ်စစ်တပ်၏ ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်ပြီး ယနေ့ချိန်ထိ အဆက်အသွယ်မ၇ပျောက်ဆုံးသည်ဟု ဇနီးဖြစ်သူကပြောသည်။အလားတူ ဩဂုတ်လ ၁ ရက်နေ့က ကျောက်တော်မဟာမုနိဘုရားအနီးရှိထမင်းဆိုင်တစ်ဆိုင်မှ လူမြင်ကွင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသူ သရက်တစ်ပင်ရွာသားကိုမောင်စောသာနှင့် သုံးဦးမှာလည်း အဆက်အသွယ်မ၇ဘဲ ယနေ့ အချိန်ထိ ပျောက်ဆုံးနေသည်ဟု မိသားစုများကပြောသည်။
ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းနှင့် အဖော်ဖြစ်သူ မောင်ချေ(ခ)ဦးမောင်သက်စိုးနှင့် (၅၃၉)တပ်ရင်းမှူးက ခေါ်ယူ၍ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ယနေ့အချိန်အထိသတင်းတစ်စုံတစ်ရာ မ၇ဘဲ ပျောက်ဆုံးနေသဖြင့် များစွာစိုးရိမ်နေရကြောင်း ဦးလှမောင်သန်း၏ ဇနီး ဒေါ်လှအေးဆန်းကနိရဉ္စရာကို ပြောသည်။
"အခုဆို(၁၀) ရက်ရှိသွားပြီ ဘာသတင်းမှလည်းမကြားရပါဘူး။ ဖမ်းထားတယ်ဆိုရင်တောင် ဘယ်မှာဖမ်းထားလဲသိချင်ပါတယ်။ ကျမအမျိုးသားက နေလည်းမကောင်းပါဘူး။ အခုက ဘာမှသိခွင့်လည်းမရ ၊ သွားမေးတော့လည်းမသိရလို့ နှစ်ယောက်လုံးအတွက် စိတ်ပူနေ၇ပါတယ်" ဟု ပြောသည်။
ဇနီးဖြစ်သူနှင့် ဖုန်းပြောချိန်တွင်လည်း စစ်တပ်ကခေါ်ယူ၍ ဦးလှမောင်သန်းနှင့် ဦးမောင်သက်စိုးတို့သည်(၅၃၉) တပ်ရင်းသို့ရောက်ရှိနေကြောင်း အခိုင်အမာပြောခဲ့သည်ဟု သူမက ပြောဆိုသည်။
သို့သော် တပ်ရင်းသို့ သွားရောက်စုံစမ်းရာတွင်လည်း သူတို့နှစ်ဦးရောက်ရှိလာခြင်းမရှိဟု ပြောဆိုသည့်အတွက် လက်ရှိမှာ များစွာစိုးရိမ်စရာဖြစ်နေသလို မည်သို့လုပ်ဆောင်ရမည်ကိုလည်းမသိဘဲ ဖြစ်နေ၇ကြောင်း သူမက ဆိုသည်။
မောင်ချေ(ခ) ဦးမောင်သက်စိုး၏ ဇနီးဖြစ်သူကလည်း ဖမ်းဆီးထားသည် ဆိုလျှင်လည်း မည်သည့်နေရာတွင်ဖမ်းဆီးထားသည်ကိုအကျိုးအကြောင်း ပြောပြစေလိုကြောင်း၊ အပြစ်တစ်စုံတစ်ရာလုပ်ထားသည်ဆိုပါကလည်း ဥပဒေကြောင်းအရ စီစဉ်ဆောင်ရွက်သင့်ကြောင်း၊ အပြစ်မရှိဆိုပါကလည်း အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း ပြောသည်။
ရခိုင်တွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူများကို နေ့စဉ်နှင့်အမျှဖမ်းဆီးနေပြီး ထိုအထဲမှ တချို့ကို ရဲလက်သို့ မလွှဲပြောင်း၊ တရားရုံးမတင်ဘဲ ပျောက်ဆုံးနေမှုအပေါ်သက်ဆိုင်ရာမိသားစုများက အထူးစိုးရိမ်စရာဖြစ်နေသည်ဟု ပြောဆိုကြသည်။
စစ်တပ်က ဖမ်းဆီးထားသည့် လူအနည်းအကျဉ်းကိုသာ ပြန်လွှတ်ပေးကာကျန်လူများကို မိသားစုနှင့် အဆက်ဖြတ်ခြင်း၊ စစ်ကြောရေးတွင် နှိပ်စက်ခြင်း၊ တရားစွဲဆိုခြင်းများပြုလုပ်နေကြောင်း သိ၇သည်။ (NN-7)