Preview

ကျောက်ဖြူဓာတ်အားပေးစက်ရုံသည် ရခိုင်ပြည်နယ်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးဟုတရုတ်သံအမတ်ဆို၊ ရခိုင်အမတ်ဟောင်းဦးဖေသန်းက ၎င်းစကားမှာရခိုင်တွင် စီမံကိန်းလုပ်တိုင်းပြောနေကျစကားဟုဝေဖန်

အောက်တိုဘာ ၁၃/ ၂၀၂၂ | ကြည့်ရှုသူ :5233
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၂

တရုတ်က ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး ပိုမိုတိုးတက် အောင်မြင်မည်ဟု ယုံကြည်ကြောင်း တရုတ်သံအမတ်ကြီးချန်းဟိုင်ပြောဆိုသည်။

ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ၎င်းစကားမှာ ၇ခိုင်တွင် စီမံကိန်းတစ်ခုလုပ်တိုင်း ပြောနေကျစကားသာဖြစ်ပြီး၇ခိုင်ပြည် အရင်းအမြစ်များအားလုံးကို ပြည်မကသာ ယူဆောင်ပြီး သူတို့အကျိုးစီးပွားအတွက်သာ အသုံးချနေသည်ဟု နိရဉ္စရာသတင်းဌာနကိုပြောဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစတင်လည်ပတ်ခြင်းဖွင့်ပွဲ အခမ်းအနားတွင် အောက်တိုဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့ရာ တရုတ်သံအမတ်ကြီးချန်းဟိုင်လည်း တက်ရောက်ခဲ့သည်။ 

အခမ်းအနားဖွင့်ပွဲတွင် တရုတ်သံအမတ်ကြီး နှစ်နိုင်ငံအကြားလျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုရဲ့အောင်မြင်တဲ့ စီမံကိန်းတစ်ခုအနေနဲ့ ကျောက်ဖြူဓာတ်အားပေးစက်ရုံကိုစတင်ဖွင့်လှစ်လိုက်ပြီဖြစ်သလို ကျောက်ဖြူကတရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အရေးပါတဲ့နေရာဖြစ်လို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုတိုးတက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်ဟု ၎င်းက ပြောသည်။

တရုတ်နိုင်ငံရဲ့အဓိက ကျောထောက်နောက်ခံပြုထားတဲ့ ကျောက်ဖြူမြို့နယ်က စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းသည် အင်္ဂါနေ့မှာ စတင်လည်ပတ်ခဲ့ပြီးအခမ်းအနားကို တရုတ်သံအမတ်ကြီး ချန်းဟိုင်သည် စစ်ကောင်စီလျှပ်စစ်စွမ်းအားဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အတူ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာအောင်ဇေယျကလည်း  စက်တပ်ဆင်အင်အားက ၁၅၉ မဂ္ဂါဝပ်ရှိပြီးကမ္ဘာ့အဆင့်မီ စွမ်းရည်မြင့် ဓာတ်အားပေးစက်များကို တပ်ဆင်အသုံးပြုထားသဖြင့်  ၇ခိုင်ပြည်နယ်က ပြည်သူများအတွက် လူမှုစီးပွားဘ၀ဖွံဖြိုးစေနိုင်မည့်  အရေးပါသော ဓာတ်အားပေး စက်ရုံတစ်ခုဖြစ်သည်ဟု ပြောသည်။
ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်သူ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဟု စီမံကိန်းတစ်ခုလုပ်တိုင်းပြောနေကျစကားသာဖြစ်ပြီး ၇ခိုင်ပြည် အရင်းအမြစ်တွေအားလုံးကို ပြည်မကသာ ယူဆောင်ပြီးသူတို့အကျိုးစီးပွားအတွက်သာ အသုံးချနေသည်ဟု ပြောဆိုသည်။

၇ခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာမယ်လို့ကတော့ ပြောကြတာပဲ။ စီမံကိန်း တစ်ခုလုပ်တိုင်း၊လုပ်တိုင်း ပြောကြတာပဲ။ ရခိုင်ပြည်ရဲ့အရင်းအမြစ်တွေအားလုံးကိုလည်းသူတို့ပြည်မကပဲယူတယ်။ အဲဒီအရင်းအမြစ်တွေကိုလည်းပြန်မပေးဘူး ။ဥပမာ- သဘာ၀ဓာတ်ငွေ့ ဂတ်စ်က ၇တဲ့ပိုက်ဆံပဲ ကြည့်ပါအုံး။ရခိုင်ပြည် တစ်ပြားမှ၇တာလည်းမဟုတ်ဘူးဟု ၎င်းကပြောသည်။

၎င်းပြင် ယခုစက်ရုံမှာလည်း လျှပ်စစ်ဓာတ်အားနည်းနည်း အပေးပြပြီးရခိုင်ပြည်သူကို ချွေးသိပ်ရန်သာဖြစ်ပြီး  သဘာ၀ဓာတ်ငွေ့ကရသည့်ဝင်ငွေများကိုမူ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် တစ်ပြားတစ်ချပ်မှ ခွဲဝေပေးခြင်းလည်း မရှိဟုသူက ဆိုသည်။

အဲဒီ စက်ရုံက၇ခိုင်ပြည်ကို လျှပ်စစ်နည်းနည်းလောက်ပေးတယ်။အဲဒီလို စက်ရုံတည်လို့ဘယ်လို  ဖွံ့ဖြိုးတိုးတက်လာမှာလဲ။  သူတို့ဖက်က ဂတ်စ်က၇တဲ့ ဝင်ငွေက ဘယ်လောက်အထိ ဘတ်ဂျက် အနေနဲ့ချပေးမလဲ၊ အဲဒီအပေါ်မှာ ဘယ်လောက် ဖွံ့ဖြိုးမလဲဆိုတာမူတည်ပါတယ်။ခေတ်အဆက်ဆက် ကတော့ခါ အဲလိုပြောပြီးတော့တစ်ခါမှ ၇ခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်လာတာမတွေ့ဘူး။ အဲဒါကတော့အပြောပဲရှိတယ်။ လက်တွေ့စီမံကိန်းလုပ်မယ်ဆိုရင်တော့ စနစ်တကျ အကောင်အထည် ဖော်သင့်တယ်ပေါ့ဟု ပြောဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ဂတ်စ်များကို နှစ်စဉ်တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချ နေသော်လည်း ဒေသခံများမှာ ၎င်းမှ ရရှိသည့် အကျိုးအမြတ်ကိုတစ်စုံတစ်ရာ မခံစားရသည့်အပြင် ဒေသခံများမှာ ပို၍ လယ်မြေများဆုံးရှုံးကာ ဆင်းရဲတွင်းနက်နေကြ၇သည်ဟု၎င်းက ပြောကြားသည်။

 တရုတ်က ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံထားသည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံစီမံကိန်းကို  ကျောက်ဖြူမြို့နယ်ကံကော်တောဘုရားအနီးက စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်ကတည်းက စတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီးတရုတ်ကုမ္ပဏီ Power China Resource (SINOHYDRO) နဲ့ မြန်မာနိုင်ငံသားပိုင် SupremeGroup တို့ဖက်စပ်တည်ထောင်ထားကာ ကျောက်ဖြူ လျှပ်စစ်စွမ်းအားကုမ္ပဏီကဦးဆောင်လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု သိ၇သည်။

IPP/BOT စနစ်နဲ့တည်ဆောက်နေသည့် ကျောက်ဖြူဓာတ်အားပေးစက်ရုံကိုရွှေဓာတ်ငွေ့တွင်းမှ ထွက်ရှိသည့် သဘာ၀ဓာတ်ငွေ့ကို အသုံးပြုကာဓာတ်အားထုတ်လုပ်မှာဖြစ်ပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အတွက် အရေးပါသည့် စီမံကိန်းတစ်ခုလည်းဖြစ်သည်ဟု ဆိုသည်။.

သဘာ၀ဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဒီဇိုင်းအ၇တစ်နှစ်ထုတ်လုပ်နိုင်မှုက ယူနစ် ၁,၀၀၅သန်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား (၁)ယူနစ်ကို ၈.၅၉ ဆင့်နှုန်းဖြင့် ဖြန့်ချိနိုင်မည်ဟုလည်းသိ၇သည်။

မူလစီမံကိန်းစတင်ချိန်ကကန်ဒေါ်လာသန်း ၁၅၀ အသုံးပြုဖို့ စီစဉ်ခဲ့ကြပြီး စီမံကိန်းပြီးစီးပါက ၇ခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မယ့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်ထဲလည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ MOEE ကပြောဆိုထားသည်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.