နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၂
၇ခိုင်ပြည် ကျောက်တော် အခြေစိုက် စကခ (၉)နှင့် စစ်ကောင်စီအခြေစိုက် စစ်စခန်းများမှ လက်နက်ကြီးများဖြင့် ယနေ့တစ်ရက်လုံး ရမ်းသန်းပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။
၎င်းပစ်ခတ်မှုကို ကျောက်တော်မြို့ရှိ စကခ (၉)၊ နဂရာကျေးရွာတစ်ဖက်တစ်ကမ်းရှိ ကုလားတန်မြစ်ထဲရှိနေဗီနှင့် အခြားစစ်ကောင်စီအခြေစိုက်စခန်းနေရာများမှ ပစ်ခတ်နေခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။
လက်နက်ကြီးပစ်ခတ်သံများကို ယနေ့နံနက် ၅ နာရီကျော်ခန့်ကပင်ယနေ့ညနေပိုင်းအထိ ကြားနေ၇သည်ဟု ယနေ့ ညနေ ၃ နာရီခန့်က ဒေသခံတစ်ဦးဆက်သွယ်ပြောကြားသည်။
"မိုးလင်းကနေပစ်နေတာပါ၊ ဘီလူးကူး အကွေ့နား ကုလားတန်မြစ်ထဲနေဗီပေါ်ကနေပစ်နေပါတယ်။ အခြားလက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ မွန်းလွဲ နှစ်နာရီခွဲ၊ ညနေ၃ နာရီ လောက်ကဆိုရင် လက်နက်ကြီးအချိန်းတစ်ဆယ်ကျော်လောက်ပစ်တယ်။ ကျောက်တော်မြို့ကြီးတောင်ထိန့်သွားတယ်။ အေအေရှိတဲ့နေရာတွေလို့ ထင်ရတဲ့နေရာတွေကို ပစ်နေကြတာလေ။ ရုပ်ရှင် ဇာတ်ကားတွေမှာ မြင်ဖူးသလို ဆက်တိုက်အားရပါးရကိုပစ်နေကြတာ နေဗီပေါ်ကနေပြီးတော့။ မနက်ကတည်းကနေဆိုရင်အချိန်းသုံးဆယ်ကျော်လောက်ရှိပါမယ်" ဟုပြောသည်။
၎င်းပြင် ကျောက်တော်တွင် စစ်ကောင်စီတပ်များမှ အစစ်အဆေးများယခင်ထက် ပိုမိုတင်းကျပ်လျက်ရှိသဖြင့်နယ်မှဈေးလာဝယ်သူများ မရှိ၍လည်း ပိုမိုငြိမ်သက်နေကြောင်း ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
"ပစ်သံတော့ လက်နက်ကြီးတွေဆိုရင်တော့ နည်းနည်း ကြား၇တယ်၊ လက်နက်ငယ်သံတွေ ပစ်ရက်တော့သိပ်မကြားရဘူး။ ပုံမှန်ပါပဲ။ ဈေးလည်းဖွင့်တယ်။ မဖွင့်တဲ့ဆိုင်တွေလည်းအစကနေမဖွင့်ကြဘူး။ အခုတလောအစစ်အဆေးတွေများတော့ နယ်ကသူတွေလည်း ဈေးလာမဝယ်ကြတော့ မြို့ကအရင်ကလိုမစည်ဘူးဖြစ်နေတာလေ။ဒီနေ့နေ့လယ် တစ်နာရီကျော်လောက်ကလည်း လက်နက်ကြီးတွေ ဇီးချောင်းဆည်ဘက်ကို ပစ်နေတယ်လို့ကြားရတယ်။အခုတော့လက်နက်ကြီးသံတွေသိပ်မကြား၇ပါဘူး" ဟုပြောသည်။
ကျောက်တော်မြို့နယ်ရှိ စကစအခြေစိုက်စခန်းများမှ လက်နက်ကြီးများပစ်ခတ်နေခြင်းသည်တစ်ဖက်သတ်ပစ်ခတ်နေခြင်းသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေခြင်းမဟုတ်ကြောင်း နောက်ထပ် ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။
" ကျောက်တော်ဘက်ကတော့ သူတို့ ၆၀ မမ ပစ်ရင်တော့ အသံသိပ်မကြား၇ဘူး။ အခု လက်နက်ကြီး သူတို့က မနက်ကတည်းကနေ ပစ်နေတာဆိုတော့ ကြားနေ၇တယ်။ တိုက်ပွဲဖြစ်နေတဲ့ အသံတွေတော့မကြား၇ဘူး။ ဒီအတိုင်းလက်နက်ကြီးတွေပစ်နေတာပါ" ဟုပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ ရက်ကလည်း ကျောက်တော်မြို့နယ်တွင်ညည့်အချိန်၌ စကစလေယာဉ်များ ကျေးရွာများပေါ်ကပျံသန်းပြီး၊ ကျောက်တော်မြို့နယ်အခြေစိုက်စစ်ကောင်စီတပ်ရင်းများမှလည်း လက်နက်ကြီးပစ်ခတ်မှုရှိခဲ့ပြီး ဒေသခံအများအပြား အထိတ်တလန့်ဖြစ်ခဲ့ကြရကြောင်းသိ၇သည်။
(NN-8)