Preview

AFP ပါတီ ခေါင်းဆောင် ဦးကျော်လွင်ကို ဖမ်းဆီးထားသူများအနေဖြင့် ပြန်လွှတ်ပေးရန် AFP ပါတီတောင်းဆို

အောက်တိုဘာ ၁၄/ ၂၀၂၂ | ကြည့်ရှုသူ :4682
ရခိုင် သတင်း


နိရဥ္စရာ၊ အောက်တိုဘာ ၁၄/၂၀၂၂

ရခိုင့်ဦးဆောင်ပါတီ(AFP)မှ ဒုဥက္ကဋ္ဌဟောင်းနှင့် လက်ရှိ ပါတီဗဟိုအကြံပေးကောင်စီဝင်ဖြစ်သည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ လွှတ်တော်အမတ်ဟောင်း ဦးကျော်လွင်ကိုဖမ်းဆီးထားသူများအနေဖြင့် ပြန်လွှတ်ပေးရန် AFP ပါတီက ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်၍ တောင်းဆိုလိုက်သည်။

ထုတ်ပြန်ချက်ထဲတွင် “ရခိုင်လူထုအကြား စိတ်ဝမ်းကွဲပြားမှုများနှင့် အခြားမလိုလားအပ်သော နောက်ဆက်တွဲ ဒဏ်ချက်များမဖြစ်စေကြောင်းအား မျှော်လင့်ထောက်ထားလျက် ဦးကျော်လွင်အား လွှတ်ပေးမည့်အကြောင်းကို ၇ခိုင့်ဦးဆောင်ပါတီက တောင်းဆိုအပ်ပါသည်”ဟု ထည့်သွင်းဖော်ပြထားသည်။

အသက် ၅၀ ကျော်အရွယ် ဦးကျော်လွင်သည် အသက် ၇၀ ကျော်အရွယ် AFP ပါတီ၏ ဗဟိုအကြံပေးကောင်စီဝင် ဦးမောင်ကောင်းနှင့်အတူ အောက်တိုဘာလ ၄ ရက်ညတွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာရှိ ဦးကျော်လွင်၏စိုက်ပျိုးရေးခြံ၌ လက်နက်ကိုင်တစ်စု၏ လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့၇ခြင်းဖြစ်သည်။

ယင်းနောက် အောက်တိုဘာလ ၆ ရက်ညဥ့်အချိန်တွင် ဦးမောင်ကောင်းကို ဇင်ချောင်းကျေးရွာ၊ ကုန်ဘွေရပ်ကွက်ရှိ သူ၏နေအိမ်အနီးတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဦးကျော်လွင်သည် ယနေ့ အောက်တိုဘာလ ၁၄ ရက်အထိ ဖမ်းဆီးခံထား၇ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂ ရက် ညနေပိုင်းက မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်စန်း(၆၀ နှစ်) ဓားထိုးအသတ်ခံရမှုကိစ္စနှင့်ပတ်သက်ပြီး ဦးကျော်လွင်သည် သူ၏လူမှုကွန်ရက်တွင် ဝေဖန်သုံးသပ်သည့်သဘောမျိုးစာသားအချို့ကို နောက်တစ်နေ့ အောက်တိုဘာလ ၃ ရက်တွင် ဝေဖန်ရေးသားခဲ့သည်။

ယင်းသို့ရေးသားခဲ့မှုအပေါ် လူမှုကွန်ရက်သုံးစွဲသူများအကြား ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် ဦးကျော်လွင်က ထိုရေးသားချက်ကို ဖျက်ကာ တောင်းပန်ကြောင်း ဆက်လက်ရေးသားခဲ့သေးသည်။

ဦးကျော်လွင်၏ရေးသားချက်အပေါ် ဝေဖန်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် ဦးကျော်လွင်နှင့် ဦးမောင်ကောင်းတို့ ဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။

မောင်တောခရိုင်ပညာရေးမှူး ဒေါက်တာ မြင့်မြင့်စန်းကို သတ်ဖြတ်သွားသူများမှာ PDF အမည်ခံအဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း အောက်တိုဘာလ ၄ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

၇ခိုင့်ဦးဆောင်ပါတီ၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း “ဦးကျော်လွင်သည် ၄င်း၏နိုင်ငံရေးသက်တမ်းတစ်လျှောက် စိတ်ရင်းစေတနာမှန်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပြီး ထိုသို့ခေါ်ဆောင်ခြင်းမခံရမီ အနီးကပ်ကာလ အပြောအဆို အရေးအသားများတွင် ဖမ်းဆီးခြင်းပြုရလောက်သည့် မှားယွင်းမှု အတိုင်းအတာကို မတွေ့ရှိရပါ”ဟု သုံးသပ်ထားသည်ကိုတွေ့၇သည်။

ယခုထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း အပြင်သို့ရောက်နေ၍ လောလောဆယ် ဖြေကြားရန် အဆင်သင့်မဖြစ်သေးဟု တုံ့ပြန်ပြောသည်။

ဖမ်းဆီးခံထား၇သည့်ဦးကျော်လွင်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့အတွက် ၇ခိုင်ပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ်နေရာကို ရခိုင့်ဦးဆောင်ပါတီမှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်သည်

ယင်းအပြင် ၂၀၁၅ မှ ၂၀၂၀ အထိ ၇ခိုင်အမျိုးသားပါတီ(ANP)ပါတီကိုယ်စားပြုကာ ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။

လက်ရှိတွင် ဦးကျော်လွင်နှင့်ပတ်သက်ပြီး သတင်းအစအနတစ်စုံတစ်ရာမရသေးသည့်အတွက် သူ၏အသက်အန္တရာယ်နှင့် ကျန်းမာရေးအခြေအနေကို အထူးစိုးရိမ်နေကြသည်ဟု မိသားစုဝင်များက ပြောဆိုနေကြသည်။
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.