ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ရိက္ခာဆင်းယူသည့် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA)ကကြား ဖြတ်တိုက်ခိုက်၍ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိ၇သည်။
ယမန်နေ့ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ခန့်တွင် ခဝဲဗျူဟာကုန်းမှ အဘောင်သား ကျေးရွာအနီးသို့ ရိက္ခာလာယူသည့် စစ်ကြောင်းကိုအေအေကတိုက်ခိုက်၍ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့်ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။
"အကြာကြီးတော့မဖြစ်ခဲ့ဘူး။ မိနစ် ၂၀၊ နာရီဝက်လောက်ပဲ ဖြစ်ခဲ့တာပါ။ ခဝဲဗျူဟာကုန်းကနေအဘောင်သားဘက်ကို စစ်သား ၁၇၊ ၁၈ ယောက်လောက် ရိက္ခာလာယူတာကို အေအေက ကြားဖြတ် တိုက်တာလို့ သိ၇ပါတယ်"ဟု ပြောသည်။
နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေစဉ် ခမ၇(၂၈၉) မှ ခဝဲဗျူဟာဘက်သို့လက်နက်ကြီးများပစ်ကူခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
"တိုက်ပွဲဖြစ်တဲ့ ခဝဲဘက်ကို (၂၈၉) တပ်ကနေပြီး လက်နက်ကြီး အချိန်း ၁၀ ကျော်လောက် ပစ်ကူခဲ့ပါတယ်"ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃) ဦးသေဆုံးခဲ့ကြောင်းအေအေနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောဆိုသည်။
ထိုအကျဆုံးနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် အေအေပြောခွင့်ရသူတို့ကို နိရဉ္စရာက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ အကြား တကျော့ပြန်ဖြစ်ပွားနေသော တိုက်ပွဲများအထဲတွင် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများသည် ပြင်းထန်ပြီး အေအေက အနည်းဆုံး စစ်ကောင်စီတပ်စခန်းကုန်း (၈) ခုလောက်အထိကို သိမ်းပိုက်ထားကြောင်းလည်းသိ၇သည်။ (NN-7)