နိရဉ္စရာ၊ အောက်တိုဘာ ၁၅/၂၀၂၂
ရခိုင်ပြည် မောင်တောမြို့နယ်မှာ လူမျိုး၊ဘာသာမရွေး အရပ်ဘက်လူမှုကူညီရေးလုပ်ငန်းများကို လုပ်ဆောင်နေသည့် မောင်တောကရုဏာကွန်ယက်မှ အသင်းဝန်နှစ်ဦးကို စစ်ကောင်စီက ယမန်နေ့ ညက ဖမ်းဆီးသွားပြီးနောက် ၎င်းအဖွဲ့၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားလိုက်ကြောင်း ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
“ အသင်းဝင်နှစ်ယောက်ကို ဖမ်းသွားတယ်ဆိုတော့ အခုအခြေအနေက ဘယ်လိုလည်းဆိုတာ မှန်းမကျဖြစ်နေပါတယ်။ ဒါကြောင့် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ ဥက္ကဋ္ဌ ကို မေးကြည့်ပါ” ဟု မောင်တောမြို့နယ် ကရုဏာကွန်ယက် အသင်းဝင် တစ်ယောက်က ပြောသည်။
ယခုကဲ့သို့ အသင်းလုပ်ငန်းများကို ရပ်ဆိုင်လိုက်ခြင်းမှာ အသင်းဘဏ္ဍာရေးမှူးဖြစ်သူဦးလှသိန်းနှင့် သူ့ ယောက်ဖတော်စပ်သူ တစ်ဦးကို အောက်တိုဘာလ၁၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ သူတို့နှစ်ဦး ဖမ်းဆီးခံ၇ပြီးတဲ့နောက်မှာ အသင်းဝင်တွေရဲ့ လုံခြုံရေး စိတ်မချ၇တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့်လောလောဆယ်တော့ အသင်းဝင်တွေအတွက် စိုးရိမ်စရာဖြစ်နေပါတယ်” ဟု အဆိုပါ အသင်းဝင်ကပြောသည်။
ဦးလှသိန်းနှင့်သူ့ယောက်ဖဖြစ်သူမှာ ကွန်ပျူတာ၊ မိတ္တူနှင့်ဗီနိုင်းလုပ်ငန်း လုပ်ကိုင်သူများဖြစ်ပြီး သူတို့နှစ်ဦးကို ရဲနှင့်စစ်တပ်က ဧည့်စာရင်းစစ်သည်ဟုပြောကာအခန်းထဲဝင်လာပြီး မောင်တောမြို့ အမှတ် (၅) နယ်ခြားစောင့် ရဲ စခန်းကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုမောင်တောမြို့ခံများက ပြောသည်။
အသင်းဝင်နှစ်ဦးဖမ်းဆီးခံရပြီး အသင်းလုပ်ငန်းများကို ယာယီရပ်နားသည့်ကိစ္စကို အသေးစိတ် သိရှိနိုင်ရန် အသင်းဥက္ကဋ္ဌ ဖြစ်သူ ကိုချစ်ထူးခိုင်ကို နိရဉ္စရာမှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်းအဆက်အသွယ်မရရှိခဲ့ပါ။
မောင်တောကရုဏာကွန်ယက်အသင်းကိုဒေသအတွင်း နာရေး၊ သွေးနှင့် တခြားအရေးပေါ် ကယ်ဆယ်ရေး လုပ်များကို လုပ်ဆောင်နိုင်ရန်၂၀၁၈ သြဂုတ်လ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။