Preview

ရခိုင်တွင်စစ်ဘေးရှောင်များထပ်တိုးလာ၊ လမ်းပန်းဆက်သွယ်ရေးနှင့်အကူအညီထောက်အပံ့များကို ဖြတ်တောက်ထား၍ စားနပ်ရိက္ခာအခက်အခဲဖြစ်

အောက်တိုဘာ ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :1095
ရခိုင် သတင်း

နိရဥ္စရာ၊ အောက်တိုဘာ၁၅/၂၀၂၂

တကျော့ပြန်တိုက်ပွဲပြင်းထန်နေသည့်ရခိုင်တွင် စစ်ဘေးရှောင်များထပ်တိုးလာနေသော်လည်း စစ်ရှောင်စခန်းများအား ကူညီထောက်ပံ့မှုများအပေါ်စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးများကို ဖြတ်တောက်ထားခြင်းတို့ကြောင့်စစ်ဘေးရှောင်များ စားဝတ်နေရေး အထူးအခက်အခဲဖြစ်နေကြသည်ဟုသိ၇သည်။

မြန်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းပိုင်းမှစ၍ တစ်နှစ်ကျော်အကြာရပ်နားခဲ့သည့် စစ်ပွဲများမှာ ယခုနှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်မှစတင်ကာ တကျော့ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းကြောင့် မောင်တော၊ဘူးသီးတောင်၊ ၇သေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊မြေပုံ အစရှိသည့်မြို့နယ်များမှ ဒေသခံပြည်သူများမှာ မိမိတို့၏ ရပ်ရွာများကိုစွန့်ခွာကာနီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြ၇သည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာတွင်ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာများမှစစ်ဘေးရှောင်အိမ်ထောင်စု ၂၁၃ စု၊ လူဦးရေ ၈၅၆ ဦးတို့သည့် ပြီးခဲ့သည့် စက်တင်ဘာ၂၉ ရက်နေ့မှစတင်ကာ ခိုလှုံနေထိုင်လျက်ရှိပြီး အကူအညီအထောက်အပံ့များ မရရှိသဖြင့် စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေ၇သည်ဟု ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

စားဝတ်နေရေးအခြေအနေကတော့ ပြေးလာရတယ်ဆိုတော့အခက်အခဲပေါင်းများစွာ ကြုံနေကြ၇တာပေါ့။ ကိုယ့်ရပ်ကိုယ့်ရွာမှာလုပ်ကိုင်စားသောက်နေကြတာထက် သူများ ရပ်ရွာကိုပြေးလာကြရတော့အခက်အခဲတွေကြုံနေကြရပါတယ်။ နေရေးထိုင်ရေးက လောလောဆယ် အိမ်တွေမှာငှားနေကြ၇တော့အခကြေးငွေတွေလည်း လိုပါမယ်။ စားရေး သောက်ရေးတွေလည်း လိုပါမယ်။ ခုလက်ရှိကချေးငှားပြီးစားတဲ့သူတွေလည်း စားနေရတယ်။ အိမ်ကပါတာတွေကိုလည်းမလုံမလောက်စားနေကြ၇တယ်။ အခု သူတို့ ဒုက္ခတွေရောက်နေတယ်ပေါ့။ဒုက္ခရောက်နေတာကို အစိုး၇အဖွဲ့တွေကိုလည်း ကူညီပေးစေချင်တယ်။ပရဟိတသမားတွေကိုလည်း ဒီမှာရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် နေပြီးတော့ကူညီပေးစေချင်ပါတယ် အစစအရာရာကိုဟုပြောသည်။

၎င်းစစ်ဘေးရှောင်များမှာယိုးတရုပ်ကျေးရွာမှဆွေမျိုးနေအိမ်များ၊ ရွာအနောက်အုပ်စု အကွက်သစ်မှနေအိမ်များနှင့် အိမ်ငှားပြီးနေကြရသူများလည်းရှိသလို ဖြစ်သလို နေထိုင်သူများလည်း ရှိနေပြီး လက်ရှိတွင်စစ်ဘေးရှောင်များမှာ စားဝတ်နေရေများခက်ခဲနေကြသည်ဟု သူက ပြောသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ်မှ စေတီပြင် စစ်ဘေးရှောင်စခန်းတွင်လည်း ကူညီထောက်ပံ့သူများ နည်းသည့်အတွက်စစ်ဘေးရှောင်များအား တစ်နပ်လျှင် ဆန်တစ်ဘူးကျစီဖြင့်တစ်ပတ်တွင် ၄ ရက်စီသာ ထုတ်ပေးနိုင်သည်ဟုလည်း စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးကပြောသည်။

စားရေးသောက်ရေးကတော့လက်ရှိအနေအထားမှာ အရင်ပေးသလို နိုင်ငံတကာအဖွဲ့အစည်း၊ အစိုးရအဖွဲ့အစည်းတစ်ခုမှ မရောက်ဘူး။ ကျနော်တို့ အလှူရှင်တွေဆီက ဆန်တွေကို အလှူခံတယ်။အဲဒါတွေနဲ့ သူတို့ကို လက်ရှိအနေအထားမှာတော့ ဆန်တစ်ခု၊ တစ်ရက်တလေမှာဟင်းလေးဘာလေး၊ ငရုတ်သီးလေးဘာလေးထုတ်ပေးပြီးတော့ စီစဉ်ထားပါတယ်။ဆန်ကတော့ တစ်ပတ်မှာ ၄ ရက်ပဲထုတ်ပေးပါတယ်။ ၃ ရက်နားပါတယ်။ နေ့တိုင်းထုတ်ပေးဖို့ကတော့ကျနော်တို့မှာ ရိက္ခာက မလုံလောက်ပါ။ ကျနော်တို့မှာရထားတဲ့ ရိက္ခာတွေနဲ့က တစ်ပတ်လုံးပေးလိုက်မယ်ဆိုရင်လည်း ထပ်ပြီးအလှူလာမယ်၊ မလာဘူးမသိတော့ ၃ ရက်စီနားလိုက်တယ်။ ကျနော်တို့ ထပ်ပြီးတော့အလှူရှင်တွေရှာတယ်။ ဟင်းတွေကိုတော့ သူတို့မှာ ပါလာတာတွေနဲ့ ဝယ်စားကြတာတွေရှိတယ်။ရှာစားကြသူတွေရှိပါတယ်ဟုပြောသည်။

ထို့အပြင်စစ်ဘေးရှောင်များအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ သွားတိုက်ဆေးများနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများပါလိုအပ်လျက်ရှိသည်ဟုလည်းသူကဆက်ပြောသည်။

အဆိုပါစေတီပြင်စစ်ရှောင်စခန်းတွင် ၇သေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်မှကျေးရွာများဖြစ်ကြသည့် ရက်ခုံတိုင်၊ ပြိန်းတော၊ ရေမျက်၊ ညောင်ပင်လှ၊ဗောဓိကုန်း၊ သမီးလှ၊ ဥဒေါင်း၊ ကျောက်ပန္ဒူနှင့် အောင်သုခအစရှိသည့်ကျေးရွာများမှစစ်ဘေးရှောင် အိမ်ထောင်စု ၁၆၂ စု၊ လူဦးရေ ၄၆၄ဦးလာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။

ရခိုင်တွင်ရက္ခိုင့်တပ်တော်(AA ) နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်အထိ၇ခိုင်ပြည်နယ် မြို့နယ် (၁၀) မြို့နယ်တွင် စုစုပေါင်း လူဦးရေ ၇၁၉၄၂ ဦးသည်နေရပ်စွန့်ခွာနေကြ၇ပြီး ယင်းအထဲတွင် မြောက်ဦး၊ ကျောက်တော်နှင့်စစ်တွေမြို့နယ်တို့တွင် အသစ်ထပ်မံ နေရပ်စွန့်ခွာရသူဦးရေ ၄၉၅၉ ဦးအထိရှိကြောင်းကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) က စက်တင်ဘာလ ၂၆ ရက်က ထုတ်ပြန်ထားသည်။

ယင်းအပြင်ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် ထပ်တိုးစစ်ဘေးရှောင်များ မရှိသော်လည်း လက်ရှိတွင် အဆိုပါစခန်းကိုကူညီထောက်ပံ့မည့်သူများမရှိသည့်အတွက် ကြုံရာကျဘန်းအလုပ်များကိုလုပ်ကိုင်ကာစားဝတ်နေရေးအတွက် ဖြေရှင်းနေကြရသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးက ပြောသည်။

စားဝတ်နေရေးက အခက်အခဲရှိပါတယ်။ကျနော်တို့မှာ NGO ကရော၊အစိုးရဆီကရော တစ်ခုမှမရောက်ပါ။ လှူမယ့်သူတွေက ဧပြီကတည်းက မရောက်တာ။ အခုစားဝတ်နေရေးအတွက် အလုပ်သွားလုပ်တယ်။ ကားဂိတ်တွေမှာ ဝန်ချဝန်တင်လုပ်တယ်။သစ်တွေဝါးတွေ သွားခုတ်။ပြီးတော့ရောင်း၊ အဲလိုလုပ်နေ၇ပါတယ်။ ကိုယ့်ဒေသကိုပြန်မယ်ဆိုရင်လည်းအခုစစ်ရေးက ပြန်ဖြစ်နေကြတာဆိုတော့ ပြန်လည်းမပြန်ရဲဘူး။စစ်ကျန်လက်နက်တွေကို ကြောက်နေရတယ်။ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့သူတွေကိုလှူပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ဟုပြောသည်။

ယင်းအပြင် ဝါးတောင်စစ်ရှောင်စခန်းတွင်ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ဆေးဝါးအကူအညီများလည်း လိုအပ်နေသည်ဟု၎င်းကဆက်ပြောသည်။

ကျန်းမာရေးဌာနကလည်းကျနော်တို့ကို ပြည့်ပြည့်၀၀ထောက်ပံ့ပေးတာမရှိပါ။ ဟိုတစ်ခေါက်ကကျနော်တို့ဆီက ကလေးတွေကို ဖျားနာကြတော့ ကျန်းမာရေးဌာနကို ခေါ်တော့မလာပါ။ဆေးဝါးအကူအညီတွေလည်းလိုပါတယ်။ စားဝတ်နေရေးလည်းလိုပါတယ်။  အပေါက်၀ဆေးရုံ၊ကျောက်တော်ဆေးရုံကိုသွားမယ်ဆိုရင်လည်း ကျနော်တို့ ကြေးရေးငွေရေးမတတ်နိုင်ဘူး။ကျန်းမာရေးဌာနကလည်း ဆေးဝါးလည်းလုံလောက်မှုမရှိဘူး။ ဆေးဝါးလည်း သယ်ယူခွင့် အစိုး၇ကမပေးဘူးလို့ပြောကြတယ်။သူတို့ကို ကလေးတွေနေမကောင်းတုန်းက အတင်းခေါ်တာ နှစ်ခါပဲရောက်ခဲ့တယ်ဟုပြောသည်။

ဝါးတောင်စစ်ရှောင်စခန်းတွင်စစ်ဘေးရှောင်အိမ်ထောင်စု ၁၅၆ စု ၊ လူဦးရေ ၈၇၂ ဦးရှိသည်ဟု သိ၇သည်။

စစ်ကောင်စီက သယ်ယူပို့ဆောင်ရေးနှင့်စစ်ဘေးရှောင်စခန်းများသို့ ကူညီထောက်ပံ့မှုများကို ကန့်သတ်ပိတ်ပင်ထားသည့်အပြင်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးနေသည့် INGO နှင့် NGO အဖွဲ့အစည်းများကို ပြီးခဲ့သည့် စက်တင်ဘာ၁၆ ရက်နေ့မှစပြီး မြို့နယ် (၆) ခုကို လားလာခွင့်ကို ၇ခိုင်ပြည်နယ်/လုံဝန်ကြီးအမိန့်ဖြင့် ပိတ်ထားသည်။

ယင်းအပြင် စစ်ကောင်စီလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန(လူ၊ကယ်၊ပြန်)ကလည်း ယခုနှစ်မေလမှစ၍ စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုကို ရပ်နားခဲ့သည်။

ရခိုင်မှစစ်ဘေးရှောင်စခန်းတချို့ကိုလည်း ယခုကဲ့သို့ တကျော့ပြန်တိုက်ပွဲပြင်းထန်နေချိန်တွင်ပြည်နယ်စစ်ကောင်စီက နေရပ်ပြန်ခိုင်းခြင်းများလည်းရှိနေသည်။ (NN-3)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.