နိရဉ္စရာ၊အောက်တိုဘာ ၁၅/၂၀၂၂
မိမိတို့ တပ်ရင်း (သို့မဟုတ်)တပ်စခန်းထဲမှ ပြင်ပသို့ တစ်စုံတစ်ရာမထွက်ရဲဘဲ အရပ်သား ပြည်သူများနေထိုင်သော မြို့ထဲသို့ ကားများဖြင့်ဝင်ရောက်ပြီးနေ့စဉ်လိုလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသော မြန်မာစစ်ကောင်စီတပ်၏ လုပ်ရပ်အပေါ်စိတ်ပျက်မိကြောင်း ဒေသခံပြည်သူများက ပြောကြားသည်။
မြောက်ဦးဒေသခံတစ်ဦးက “ ဒီကနေ့ မနက် ၄ နာရီခွဲလောက်မှာ မြောက်ဦးမြို့ ကားဂိတ် အနီးဝန်းကျင်က လက်နက်ကြီးသံ ၄ ချက်နှင့် လက်နက်ငယ်သံတွေ အဆက်မပြတ်ကြားရတယ်။ခုလို ပစ်ခတ်တော့ အနီးအနားဝန်ကျင်ကလူတွေ အကုန်လုံး အထိတ်တလန့်ဖြစ်ကြရတယ်။ အခုက စစ်သားတွေကနေ့တိုင်း ဧည့်စာရင်းစစ်တယ်။ လူတွေကို ဖမ်းတယ်ဆိုတော့ အေအေက တစ်ယောက်မှ မြို့ပေါ်မှာမနေတော့ဘူး။ ဒါကို စစ်တပ်က နေ့တိုင်း ညတိုင်း မြို့ထဲကိုလာတယ်။ သေနတ်တွေ ပစ်တယ်။ လူထုကိုအလိုလိုနေရင်း အကြောက်တရားဝင်အောင် ခြောက်လှန့်နေတယ်။ မြို့ပြင်ကျ တဖဝါးမှ မထွက်ရဲဘူး။အရပ်သားတွေရှိတဲ့နေရာမှာဘဲ လာပြီးသေနတ်တွေ လာပစ်နေတယ်။ စစ်သားဘဲ။ သတ္တိရှိရင် မြို့ပြင်အေအေရှိတဲ့ နေရာသွားချပေါ့” ဟု ပြောသည်။
ယနေ့ နံနက်၄ နာရီခွဲလောက်ကစစ်ကောင်စီတပ်သားများသည် မြောက်ဦးမြို့ ကားဂိတ်နှင့် ရဲစခန်းအနီးတွင် လက်နက်ကြီး ၄ ချက်လောက်နှင့် လက်နက်ငယ် အချက် ၁၀၀ ကျော်ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဦးတည်ရာမဲ့ ပစ်ခတ်ခဲ့သည်ဟု နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။
"သူတို့ကညဘက်တွေ မြို့ထဲကို ကားနဲ့ ပတ်ပြီးသွားပါတယ်။ ဒီနေ့တော့ မနက်အာရုဏ် ၅ နာရီ မထိုးခင်လေးမှာ တိုက်ပွဲဖြစ်တာမျိုးတော့မဟုတ်ပါဘူး။သူတို့ အလိုလိုပစ်တာပါ။ သူတို့အနေနဲ့က ဒေသခံတွေကို အဓိကခြိမ်းခြောက်ချင်တဲ့သဘောလို့ပဲမြင်ပါတယ်။ အလကားနေပြီး အခုလိုတွေ လုပ်နေတာဟာ ပြည်သူတွေ အိပ်ကောင်းခြင်းမအိပ်ရအောင်၊စားကောင်းခြင်းမစား၇အောင် တမင်ကိုလုပ်နေတာပါ"ဟု ၎င်းက ပြောသည်။
အလားတူ ကျောက်တော်မြို့တွင်လည်း မနေ့က တစ်ညဥ့်လုံးလက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့သဖြင့် ပြည်သူများ ကြောက်လန့်ခဲ့၇သည်ဟု ဒေသခံများက ပြောသည်။
ကျောက်တော်အခြေစိုက် စကခ (၉)၊ ကျောက်တော်တပ်မနှင့် စစ်ကောင်စီ တပ်ရင်းများ၊ ကင်းစခန်းချနေရာများက လက်နက်ကြီးများဖြင့်တစ်ညဥ့်လုံးပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
"ကျောက်တော်တောင်ဘက်ကမ်းက၃၇၅တပ်အလွန် တပ်မကပစ်တယ်။ဒီဘက်ကမ်းအထိ မြေတွေတောင်တုန်တယ်။ ၁၀၈ မမ လက်နက်ကြီးနဲ့ ပစ်ပုံရတယ်။ ညဥ့်အချိန်ဆိုတော့ပိုဆိုးတာပေါ့။ အသံတွေလည်း အရမ်းကျယ်တယ်။ အကုန်လုံးမအိပ်နိုင်ဖြစ်ကြ၇တယ်"ဟု ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
ထိုသို့လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ မြို့ခံပြည်သူများကြောက်လန့်ကာ အထိတ်တလန့် ဖြစ်ခဲ့၇သည်ဟုလည်း ဆိုသည်။
"ကလေးတွေကဆို ဒီလိုပစ်သံတွေအရင်ကမကြားဖူးဘူး။ အခုမှကြားဖူးကြတာ။ ကြောက်ကြတယ်။ လူကြီးတွေဆိုလည်းဒီလိုပစ်တာမကြုံဖူးတော့။ အကုန်လုံး အလန့်တကြားဖြစ်ကြ၇တယ်။ လူထုတွေကို ခြိမ်းခြောက်နေတာပါ။ တပ်ရင်းထဲကကျတော့ မထွက်ရဲဘဲ။ခုလို အလိုလို ပစ်နေတော့ လူထုတွေကတော့ အရမ်းစိတ်ပျက်နေကြပါပြီ" ဟုမြို့ခံတစ်ဦးကပြောသည်။
ကျောက်တော်တွင်အရင်နေ့များကလည်း နေ့စဥ်ရက်ဆက်ဆိုသလို သေနတ်ပစ်၊ လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့
ယခုကဲ့သို့ ပစ်ခတ်မှုကိုမြောက်ဦး၊ ကျောက်တော် အပြင် ၇သေ့တောင်၊ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊အမ်းမြို့နယ်ဘက်နှင့် ချင်းပြည်နယ်ပလက်၀မြို့နယ်တို့တွင် နေ့စဉ် ရက်ဆက်ပြုလုပ်နေပြီး ရခိုင်ပြည်သူများအား စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်အောင် စစ်ကောင်စီတပ်က ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။(NN-7)
(ဓာတ်ပုံ- စစ်တွေမြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ကိုတွေ့၇စဉ်)