စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်တပ်မှပစ်ခတ်သောလက်နက်ကြီးကျည် ကျေးရွာ (၅)ရွာကိုကျရောက်ခဲ့ပြီး အမျိုးသမီး ၄ဦးသေဆုံးကာ ၅နှစ်အောက်ကလေးငယ် ၂ဦးအပါအဝင် ၉ဦးဒဏ်ရာရရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.3k

နိရဉ္စရာ၊ အောက်တိုဘာ ၁၈/၂၀၂၂

 

အောက်တိုဘာ ၁၇ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်၏ ရမ်းကားပစ်ခတ်သော လက်နက်ကြီး ကျည်များသည် ရခိုင်မြို့နယ် ၂ ခုမှ ကျေးရွာ (၅) ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၄ ဦးသေဆုံးက ၅နှစ်အောက် ကလေးငယ် ၂ဦး အပါအဝင် ၉ ဦးဒဏ်ရာရရှိခဲ့သည်။

 

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည့် ကျေးရွာများမှာ မင်းပြားမြို့နယ်မှ ဖလောင်းပြင်၊ ထောင်ချောင်းကြီး၊ ဆားပြင်ကြီး၊ ဘူးပင်ကျေးရွာနှင့် ကျောက်တော်မြို့နယ်မှ ပိုက်သည်ရပ် ကန်ပိုက် မူဆလင်ကျေးရွာတို့ဖြစ်ကြသည်။

 

သေဆုံးခဲ့ရသူများမှာ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှ မလှဆန်းယဉ်(၂၃)နှစ်နှင့် မဆန်းနွယ်စိုး (၁၀)နှစ်တို့ ညီအစ်မနှစ်ဦး၊ ထောင့်ချောင်းကျေးရွာ စာသင်ကျောင်းမှာတာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာမ ဒေါ်မမြစော(၆၅) နှင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ် ကန်ပိုက် မူဆလင်ကျေးရွာမှ ဒေါ်ယာစ်မီနာ(၃၀) တို့ဖြစ်ကြသည်။

 

ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ရွာမှ ဒေါ် ဦးမြစိန်(၆၅)နှစ်၊ ဆင်ကြီးပြင်ကျေးရွာမှ မောင်စံရွှေ(၄)၊ ဒေါ်မညိုသာ(၆၄)၊ မကျော့ယဉ် (၂၀) နှင့် ဒေါ်ဘားစိန် (၅၉)နှင့် မြောက်ဦးမြို့နယ်၊ တန်းပြင်းကြီးကျေးရွာမှ ဆင်ကြီးပြင်ရွာသို့ အလည်ရောက်ရှိနေသည့် (၃) နှစ်အရွယ် မစုလင်းနွယ်တို့ ဖြစ်ကြသည်။

 

မင်းပြားမြို့နယ် ဘူးပင်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများမှာ  ဦးနုလှအောင် အသက် (၅၄)၊ ကိုမောင်သန်းဌေး (၂၅ )၊ ကိုမောင်သောင်းဌေး (၂၆) နှစ်တို့ ဖြစ်ကြသည်။

 

ဆင်းကြီးပြင်ကျေးရွာမှ ဒဏ်ရာရရှိသူများမှာ မင်းပြားဆေးရုံတွင် ဆေးကုသမှုခံယူနေကြပြီး ဖလောင်းပြင်ကျေးရွာမှ ဒဏ်ရာရရှိသူမှာ ပေါက်တောဆေးရုံတွင်ဆေးကုသနေရကာ ဘူးပင်ကျေးရွာမှ ဒဏ်ရာရရှိသူများမှာ ဒဏ်ရာမပြင်းထန်၍ ရွာမှာပင်ဆေးကုသမှုခံယူနေကြသည်ဟု ဒေသခံများက ပြောသည်။

 

"ဆင်ကြီးပြင်မှာ ဒဏ်ရာရရှိတာက ၄ ယောက်ပါ။ ဘူးပင်ရွာကလည်း ၃ ယောက် ထိခိုက်ဒဏ်ရာရပါတယ်။ တန်းပြင်းကြီးက ကလေးတစ်ယောက်ပါ။ ဖလောင်းပြင်က အရီးတစ်ယောက်ပါ။ ဒါကတော့ လောလောဆယ်ဆေးကုသမှုခံမှုနေရသူတွေပါ" ဟု မင်းပြားမှ လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

 

မင်းပြားမြို့နယ် ဖလောင်းပြင်တွင်သေဆုံးသွားသည့် ညီအစ်မနှစ်ယောက်ကို ယမန်နေ့ကတည်းက သစ်ပုတ်တောင်ရွာတွင် သင်္ဂြိုလ်ခဲ့ပြီး ထောင့်ချောင်းကြီးရွာတွင် သေဆုံးသွားသည့် ဆရာမဒေါ်မမြစောအလောင်းကို မင်းပြားရင်ခွဲရုံတွင်ပို့ဆောင်ထားသည်ဟု သူက ဆက်ပြောသည်။

 

"ထောင့်ချောင်းကြီးမှာဆုံးသွားတဲ့ ဆရာမကတော့ မင်းပြားခွဲရုံမှာပါ။ ဖလောင်းပြင်က နှစ်ယောက်ကတော့ မနေ့ကတည်းက သစ်ပုတ်တောင်မှာသင်္ဂြိုလ်လိုက်ပါတယ်" ဟု ပြောသည်။

 

ယမန်နေ့ ည ၇ နာရီခွဲတွင် ကျောက်တော်မြို့၊ ပိုက်သည်ရပ် ကန်ပိုက်မူဆလင်ကျေးရွာမှ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ရသည့် ဒေါ်ယာစ်မီနာကိုလည်း ယနေ့သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် သြဂုတ်လ (၂၈) ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာမှ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၃) ဦးသေဆုံးပြီး (၉ ) ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

 

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပွားသည့် ၃လ အတွင်း ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင် နှင့် ကျောက်တော်မြို့နယ်တို့တွင် စစ်ကောင်စီက လူနေ ကျေးရွာများကို လက်နက်ကြီးများ ဦးတည်ပစ်ခတ်မှုကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် နေအိမ်ထိခိုက်ပျက်စီးမှုများ ဆက်တိုက်ရှိလာနေခြင်းဖြစ်သည်။ (NN-7)

ဆက်စပ် သတင်းများ