Preview

အဓမ္မပြုကျင့်သူ AA မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့် ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်

အောက်တိုဘာ ၂၀/ ၂၀၂၂ | ကြည့်ရှုသူ :5887
ရခိုင် သတင်း
နိရဉ္စရာ၊ အောက်တိုဘာ ၂၀/၂၀၂၂

အိမ်ထောင်သည် အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်သူ ရက္ခိုင့်တပ်တော်(AA)မှ တပ်သားအဆင့်ရှိသူ ရဲဘော်နှစ်ဦးအား ထောင်ဒဏ်အနှစ် ၂၀ နှင့်ကြိမ်ဒဏ်ကြီးအချက် ၃၀ ချမှတ်လိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က အောက်တိုဘာ ၂၀ ရက် ယနေ့ သတင်းထုတ်ပြန်သည်။

၎င်းထုတ်ပြန်ချက် အပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။။

ောက်တိုဘာလ (၁) ရက်နေ့၊ မွန်းလွဲ (၁)နာရီ မိနစ် (၃၀) ခန့်တွင်ရက္ခိုင့်တပ်တော်မှ တပ်သား အဆင့်ရှိ ရဲဘော် (၂)ယောက်သည် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ကျောင်းတောင် ကျေးရွာအုပ်စုနေ အသက် (၃၀) အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးအား ၎င်း၏ နေအိမ်၌ လက်နက်အားကိုးဖြင့် အဓမ္မပြုကျင့်ခဲ့သည်ဟု ကျူးလွန်ခံ၇သူမှ တိုင်တန်းလာသောကြောင့် ရက္ခိုင့်တပ်တော်အနေဖြင့် ယင်းအမှုအား စစ်ခုံရုံးဖွဲ့၍ စနစ်တကျ စုံစမ်းစစ်ဆေးခဲ့ပါသည်။

ရက္ခိုင့်တပ်တော်၊စစ်ခုံရုံးအဖွဲ့မှ ကျူးလွန်သူတရားခံနှစ်ဦး၊ ကျူးလွန်ခံရသူမိသားစု၊အခင်းဖြစ်ပွားရာအနီး ပတ်ဝန်းကျင်မှ သက်သေ အချို့အား ဆယ်ရက်ခန့်သေချာစွာစစ်ဆေးပြီးနောက် ပြစ်မှုကျူးလွန်သူ (၂) ဦးစလုံးမှာ ပြစ်မှုမြောက်ကြောင်းထင်ရှားသည့်အပြင် တပ်ဖက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအထူးတားမြစ်ချက်ကိုပါ ချိုးဖောက်ထားကြောင်း တွေ့ရှိ၇ပါသည်။

အဆိုပါတပ်သား(၂) ယောက်မှလည်း ၎င်းနေ့ရက်၌ ၎င်းတို့သည် ခွင့်ပြုချက်မရဘဲအရက်သေစာသောက်စားမူးယစ်ပြီးနောက် အမှန်တကယ် အဓမ္မပြုကျင့်ခဲ့ကြောင်းနှစ်ယောက်စလုံးမှ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုထားကြသည်။

ထို့ကြောင့်အဆိုပါပြစ်မှုကျူးလွန်ခဲ့သူ တပ်သား (၂) ယောက်အား တပ်တော်၏ စစ်ဥပဒေနှင့်အညီ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ၎င်းပြစ်မှုနှင့်ထိုက်တန်သည့်ပြစ်ဒဏ်ကို နစ်နာခဲ့၇သည့် မိသားစုဝင်များ၊ ကျေးရွာခေါင်းဆောင်အချို့နှင့် ဘာသာရေးခေါင်းဆောင်အချို့တို့၏ ရှေ့မှောက်၌ အလုပ်ကြမ်းနှင့်ထောင်ဒဏ် အနှစ် (၂၀) အပြင်၊ ကြိမ်ဒဏ်ကြီး အချက် (၃၀) ကိုပါချမှတ်၍ "ကြိမ်ဒဏ်"ကို စီရင်ပြီးဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ရက္ခိုင်ပြည်သူ့အစိုးရသည်အာရက္ခဒေသအတွင်း "တရားမျှတ၊ ပြည်အာရက္ခ" ဆောင်ပုဒ်နှင့်အညီအာရက္ခပြည်သူလူထုများ၏ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထို့အတူပြစ်မှုကျူးလွန်သည့် မည်သူ့ကိုမဆိုကျောသား ရင်သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ သတ်မှတ်ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ စီရင်ဆောင်ရွက်လျက်ရှိပါကြောင်း အများပြည်သူသိရှိစေရန်ထုတ်ပြန်အပ်ပါသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.