Preview

လှူဒါန်းခွင့်ပိတ်ပင်ထားခဲ့သည့် နီပွန်ဖောင်ဒေးရှင်းကဆန်အိတ်ပေါင်း ၅သောင်းကျော်ကို ၆လကြာမှ ရခိုင်စစ်ဘေးရှောင်များသို့ စစ်ကောင်စီကလှူဒါန်းခွင့်ပြု

အောက်တိုဘာ ၂၁/ ၂၀၂၂ | ကြည့်ရှုသူ :4146
ရခိုင် သတင်း


နိရဥ္စရာ၊ အောက်တိုဘာ ၂၁/ ၂၀၂၂

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ရခိုင်စစ်ဘေးရှောင်များအတွက်လှူဒါန်းထားသည့် ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို စစ်ကောင်စီက ၆ လကြာမှ လှူဒါန်းခွင့်ပြုလိုက်သည်ဟု သတင်းရရှိသည်။

အဆိုပါဆန်များလှူဒါန်းခွင့်ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးက ယခုလ အောက်တိုဘာလ ၉ ရက်ခန့်ကမှခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဆန်လှူဒါန်းနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးနေသည့်ဦးဝင်းအောင်က နိရဥ္စရာကိုပြောသည်။

"ဆန်တွေအဆင်သင့် ဂိုဒေါင်မှာပြန်လုပ်၇တာနဲ့။အလုပ်သမား၊ တခြား Volunteer တွေရှာ၇တာနဲ့၊ သူတို့အားတာနဲ့၊ကိုယ်တို့ဘက်က အားတာနဲ့ တစ်ပတ်လောက်တော့ ကြန့်ကြာသွားတယ်ပေါ့။ ဗြုန်းစားကြီးခွင့်ပြုလိုက်တော့လေ"ဟုပြောသည်။

ယင်းသို့ခွင့်ပြုပြီးနောက် အောက်တိုဘာ ၁၈ရက်မှစတင်ကာ ကျောက်တော်ရှိ စစ်ဘေးရှောင်လူဦးရေ ၆ ထောင်ကျော်အတွက်တစ်ဦးလျှင် ဆန် ၁ အိတ်ကျစီစတင်လှူဒါန်းခဲ့ပြီး နောက်တစ်နေ့ အောက်တိုဘာ ၁၉ ရက်တွင် အမ်းမြို့နယ်ရှိစစ်ဘေးရှောင်လူဦးရေ ၁၃၀၀ ကျော်အတွက် တစ်ဦးလျှင် တစ်လစာခန့်စားနိုင်မည့် ဗူး ၆၀ ခန့်စီ လှူဒါန်းပေးခဲ့ပြီဟုဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာ ၂၁ ရက်တွင်လည်းစစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း ၂၇ ခုမှ လူဦးရေ ၂၅၀၀ ကျော်အတွက် တစ်ဦးလျှင်ဆန် ဗူး ၂၀ ကို ပထမအသုတ်အဖြစ် လှူဒါန်းနေပြီဖြစ်ပြီး ဆက်လက်၍လည်း ကျန်မြို့နယ်များတွင်ဆက်လက်လှူဒါန်းသွားမည်ဟု သိ၇သည်။

၇ခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ၇သေ့တောင်၊ ဘူးသီးတောင်၊မောင်တောစသည့် မြို့နယ် (၉)မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များအတွက်ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းကဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို ပြီးခဲ့သည့် မေလမှစတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ၏ ၂၀၂၁ ခုနှစ်၊နိုဝင်ဘာလခရီးစဉ်အတွင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေဆုံစဥ်နှုတ်ဖြင့် ကတိပေးလှူဒါန်းထားခဲ့ခြင်းဖြစ်ပြီး မေလတွင်ပေးပို့ခဲ့ခြင်းလည်းဖြစ်သည်။

သို့ရာတွင် စစ်ကောင်စီဘက်က ၇ခိုင်တွင်တိုက်ပွဲများဖြစ်နေ၍ဟုအကြောင်းပြကာ ထိုဆန်များကိုလှူဒါန်းခွင့်အား တားမြစ်ထားခဲ့သည်။

၆ လအကြာမှ ယခုကဲ့သို့ လှူဒါန်းခွင့်ပေးလိုက်၍ဆန်အချို့ ပျက်စီးမှုရှိသွားသည်ဟု ဦးဝင်းအောင်က ဆက်ပြောသည်။

"ဆန်အရည်အသွေးကတော့ကောင်းပါသေးတယ်။ တချို့ဟာတွေကတော့ပျက်စီးသွားတယ်ပေါ့လေ။ ပျက်စီးသွားတယ်ဆိုတာက တမံတလင်းပေါ်တွေမှာထားတော့အစိုပြန်တာတွေကြောင့် ဆန်အိတ်တွေက တချို့တဝက် ပျက်စီးသွားတယ်"ဟုပြောသည်။

လက်ရှိတွင် ရခိုင်ရှိ စစ်ဘေးရှောင်စခန်းများတွင်အစိုးရက ဆန်ပုံမှန်ထောက်ပံ့ခြင်းမရှိ၍ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာအငတ်ဘေးနှင့်ရင်ဆိုင်နေ၇သည်ဟုလည်း စခန်းတာဝန်ခံများက ပြောကြသည်။

ဓာတ်ပုံ - နီပွန်ဖောင်ဒေးရှင်းကလှူဒါန်းသည့်ဆန်အိတ်များကိုအမ်းရှိ စစ်ဘေးရှောင်များအား လှူဒါန်းခဲ့စဥ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.