တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ပလက်ဝတွင် ကျောင်းအုပ်ဆရာကြီးတစ်ဦးအပါအဝင် ကျောင်းဝန်ထမ်းတစ်ဦးနှင့်ဒေသခံတစ်ဦး ထပ်ဖမ်းဆီးခံရ၊ တံခါးဖွင့်နောက်ကျ၍ အမျိုးသမီးနှစ်ကိုပါ ရိုက်နှက်သွားခဲ့ဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကျောင်းအုပ်ဆရာကြီးတစ်ဦးအပါအဝင် ကျောင်းအထွေထွေလုပ်သားတစ်ဦးနှင့် ဒေသခံ အရပ်သားတစ်ဦးတို့ကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အရပ်သားဖြစ်သူကို ညဉ့်အချိန်ဝင်ဖမ်းရာတွင် အိမ်တံခါးဖွင့်နောက်ကျ၍  အိမ်ထဲရှိ အမျိုးသမီး နှစ်ဦးကို ရိုက်နှက်ကန်ကျောက်သွားခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူ ကျောင်းအုပ်ဆရာကြီးမှာ ပလက်ဝမြို့ အထက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနိုင် ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီးကို ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်၊ ညနေကျောင်းဆင်းချိန်တွင် စစ်ကောင်စီတပ်သားများမှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယနေ့အချိန်အထိ သတင်းအစတစ်စုံတစ်ရာမကြားရကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ပလက်ဝမြို့ အထက(ခွဲ)မြို့သစ်ကျောင်းသည် ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းအနီးတွင် တည်ရှိသော စာသင်ကျောင်းဖြစ်ကြောင်းသိရသည်။

နောက်ထပ် ဖမ်းဆီးခံရသူ နှစ်ဦးမှာ အထက(၁) ကျောင်းမှ ယာဉ်မောင်းနှင့် ညစောင့်လုပ်သူ ဦးအောင်သိန်းလှ (၄၀)နှစ်နှင့် သာယာဝရပ်ကွက်မှ အသက် ၅၀ ကျော်ဝန်းကျင်ရှိသည့် ဦးမောင်ဖြူတို့ဖြစ်ကြသည်။

ပညာရေးလုပ်သား ဦးအောင်သိန်းလှနှင့် သာယာဝရပ်ကွက်နေ ဦးမောင်ဖြူတို့ကိုမူ ယမန်နေ့အောက်တိုဘာလ ၂၀ရက်၊ ည ၉ နာရီကျော်ခန့်တွင် ၎င်းတို့၏နေထိုင်ရာနေရာအသီးသီးမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်သွားကြောင်း ၎င်းတို့၏မိသားစုဝင်များကပြောသည်။

ဦးအောင်လှသိန်း၏ဇနီးဖြစ်သူက "ဦးအောင်သိန်းလှ ရှိလာဆိုပြီးတော့ ကျောင်းနောက်က ကျမတို့နေတဲ့အိမ်ကို လာပါတယ်။ နောက်ပြီးတော့ သူတို့အထဲက ဗိုလ်တစ်ယောက်က ဖိနပ်တောင် မချွတ်ဘဲ အိမ်ထဲကိုဝင်လာပါတယ်။ သူ့ကိုစကားနည်းနည်းမေးချင်လို့ ၂၈၉ ကို ခေါ်သွားမယ်ဆိုပြီးပြောပါတယ်။ သူ့ကိုမေးပြီးရင်တော့ ပြန်လွှတ်လိုက်ပြောခဲ့တယ်။ ကျောင်းတံခါးဝအထိ ကျမလိုက်ပါသွားခဲ့တယ်။ သူက အစာအိမ်နဲ့ အဆုတ်လည်း မကောင်းတဲ့သူပါ၊ ဆေးရုံကဆင်းတာတောင် မကြာသေးပါဘူး။ သူကအေအေတို့ဘာတို့နဲ့လည်းဆက်စပ်မှုမရှိဘူး၊ အပြစ်မရှိတဲ့အတွက် အမြန်ဆုံးလွှတ်စေချင်ပါတယ်။ ဒီလိုမျိုးဆက်စပ်နေတဲ့သူဆိုရင် အခုချိန်ရှောင်လို့နေမှာလေ အခုကအပြစ်မရှိပါဘူး"ဟု နိရဉ္စရာသို့ပြောသည်။

ထို့အတူ ယမန်နေ့ (အောက်တိုဘာ ၂၀ ရက်)  ည ၉ နာရီက အဖမ်းခံခဲ့ရသည့် သာယာဝရပ်ကွက်မှ ဦးမောင်ဖြူကို စစ်တပ်မှလာရောက်ဖမ်းဆီးရာတွင် အိမ်တံခါးဖွင့်ပေးသည့်အချိန် အနည်းငယ်ကြန့်ကြာခဲ့၍ ၎င်းသမီးအကြီးဖြစ်သူကို ရိုက်နှက်သဖြင့်  ၎င်း၏ညီမဖြစ်သူက  ထိုသို့မပြုလုပ်ရန်ဝင်ရောက်တားဆီးခဲ့ရာ အဆိုပါညီမဖြစ်သူကိုလည်း ရင်ဝကိုခြေနှင့်ကန်ကာ ဖခင်ဖြစ်သူအား ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများကပြောသည်။

"သူတို့မိသားစုမှာကတော့ သမီးတွေက အရိုက်ခံလိုက်ရတယ်။ တံခါးဖွင့်တာနောက်ကျလို့ သမီးအကြီး စိတ်မနှံ့တဲ့သူကို စစ်သားတွေက ရိုက်တယ်။ သူမရဲ့ ညီမငယ်  စစ်သားမယားက "အဲလိုမလုပ်နဲ့လေ"ဆိုပြီးတော့ ဝင်ပြောတဲ့အခါ သူ့ကိုလည်း ရင်ဝကိုခြေနဲ့ကန်ခဲ့တယ်။ သူလည်းရင်တွေအောင့်ပြီးကျန်ခဲ့ရပါတယ်။ ဘာအကြောင်းကြောင့်နဲ့ ဖမ်းသွားတာလည်း မသိရပါဘူး" ဟုပြောသည်။

ဖမ်းဆီးခံရသူ ဦးမောင်ဖြူ၏ သမီးငယ်သည် စစ်ကောင်စီတပ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦး ဇနီးဖြစ်သည်ဟုလည်း သိရသည်။လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းတွင် ချုပ်နှောင်ထားပြီး အကြီးအကျယ် ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးမှုပြုလုပ်သည်ဟု သိရသည်။

ည်သည့်အ ကြောင်းရင်းကြောင်း ဖမ်းဆီးခံရသည်ကို မသိရှိရသေးသော်လည်း အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောကြားသည်။

ပလက်ဝတွင် ယခုအောက်တိုဘာလအတွင်း စစ်ကောင်စီတပ်မှ ဖမ်းဆီးထားသည့် ပညာရေးဝန်ထမ်း ဦးအထိရှိလာနေပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ (NN-8)

(နိရဉ္စရာသတင်းများကို အောက်ပါလင့်များတွင်လည်း ဖတ်ရှုနိုင်သည်။)

 အင်္ဂလိပ်သတင်း  ဝက်ဆိုက်- www.narinjara.com

မြန်မာသတင်း ဝက်ဆိုက် - https://burmese.narinjara.com/

သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/

ရုပ်သံသတင်း - https://www.facebook.com/Narinjara-TV-News-100125495251215/

ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

တွစ်တာ-https://twitter.com/NarinjaraN

ဆက်စပ် သတင်းများ