စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမ်းတွင် စစ်ကောင်စီတပ်သားတစ်ဦးကို အေအေဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

နိရဉ္စရာ၊ အောက်တိုဘာ ၂၁/၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးကို အေအေက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် အမ်းမြို့နယ်တောင်ပိုင်းမှ ကျေရွာတစ်ရွာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ဖမ်းတာတော့ သေချာပါတယ်။ သူ့မှာ စစ်တပ်နဲ့ဆိုင်တဲ့အထောက်အထားတွေအကုန်ပါတယ်။ ဒါပေမယ့် ဘယ်တပ်ရင်း၊ နာမည်၊ အသက်တွေကတော့ ကျနော်တို့အတိအကျမသိရပါဘူး။ အဲ့ဒီစစ်သားဟာ တာဝန်ထမ်းဆောင်ဆဲလား။ ထွက်ပြေးလာတာလား အတိအကျတော့မပြောနိုင်ဘူး"ဟု ပြောသည်။

ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားမှာ အသက် (၃၀) ကျော်အရွယ်ဖြစ်ပြီး ဖမ်းဆီးခံရစဉ် လက်နက်မပါသော်လည်း စစ်တပ်နှင့်သက်ဆိုင်သည့်အထောက်အထားများပါရှိကြောင်း သိရသည်။

အဆိုပါ စကစတပ်သားသည် အမ်းမှခြေကျင်လျှောက်လာကာ ကျေးရွာများတွင် အရပ်သားများထံမှ အရက်အကြွေးဝယ်သောက်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းဖြစ်ကြောင့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"သူက ရွာမှာ အရက်အကြွေးသောက်တယ်။ နေရာတွေကို ပုံတွေရိုက်တယ်။ လူတွေ၊ နွားတွေကို ပုံတွေရိုက်တယ်။ ဟိုလူကို ခြိမ်းခြောက်၊ ဒီလူကိုခြိမ်းခြောက်နဲ့ လုပ်နေလို့ ဖမ်းသွားတာပါ"ဟု ပြောသည်။

စကစတပ်သားများ ဖမ်းဆီးတိုက်ခိုက်ခံရပါက  ပြည်သူလူထုကိုသာ ဒုက္ခပေးဖမ်းဆီးတက်၍ ဖမ်းဆီးသွားသည့် ကျေးရွာဒေသအမည်ကို လုံခြုံရေးအရ နိရဉ္စရာအနေနှင့် အတိအကျမဖော်ပြခြင်းဖြစ်သည်။ (NN-7)

ဓာတ်ပုံ- ၎င်းထံမှ ဖမ်းဆီးရမိသော စစ်ဘက်ဆိုင်ရာ အထောက်အထားများ


ဆက်စပ် သတင်းများ