စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း တိုက်ပွဲအကြိမ် ၄၀ နီးပါးဖြစ်ပွားခဲ့ဟု ISP ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.5k

နိရဉ္စရာ၊ အောက်တိုဘာ ၂၂/ ၂၀၂၂


ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ်အတွင်း တကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများမှာ မြို့နယ် (၆)ခုအတွင်း တိုက်ပွဲအကြိမ် (၄၀)ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု Institute For Strategy and Policy-Myanmar ကထုတ်ပြန်ထားသည်။

 

စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲပြီး တိုက်ပွဲများကြောင် စစ်ဘေးရှောင်အဖြစ် လူပေါင်း ၁၀၉၂၂ ဦးမှာလည်း နေရပ်စွန့်ခွာခဲ့ရသည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီတပ်က မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မြောက်ဦးမြို့ နယ်များတွင် ပြုလုပ်ခဲ့ပြီး မောင်တောမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။


Institute For Strategy and Policy-Myanmar က ထုတ်ပြန်ချက်တွင် ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံဒဏ်ရာရသူများ စာရင်းနှင့် မြေမြုပ်မိုင်းကြောင်း ထိခိုက်သေဆုံး သူများစာရင်းကို ဖော်ပြထားခြင်း မရှိပါ။

 

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလဆန်းကတည်းက နှစ်ဖက် အပစ်အခတ်ရပ်စဲထားခဲ့သည့် ရခိုင်ပြည်နယ်တွင် စစ်အာဏာသိမ်းမှု အလွန်ကာတွင်  တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သည်။

 

ထို့အပြင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အောက်တိုဘာလ ၁၂ ရက်နေ့ အထိ  မြန်မာနိုင်ငံက မြို့ နယ်ပေါင်း ၁၈၆ မြို့နယ်တွင်  တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် ဖာပွန်မြို့နယ်တစ်ခု တည်းတွင် တိုက်ပွဲအကြိမ်ပေါင်း ၃၇၆၇ ကြိမ်ဖြစ်ပွားခဲ့ပြီးခဲ့သည့် အတွက် တိုက်ပွဲအများဆုံး ဖြစ်ပွားသည့် မြို့နယ်ဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ တိုက်ပွဲအကြိမ် ၈၃၀ ထက် မနည်းဖြစ်ပွားခဲ့သည့်အတွက် ဒုတိယအများဆုံး ဖြစ်ပွားခဲ့သည့် ဒေသဖြစ်ကြောင်းလည်း ဖော်ပြထားသည်။


အဆိုပါတိုက်ပွဲများမှာ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်ပွားမှု၊ စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ် PDF တို့ဖြစ်ပွားမှု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြားဖြစ်ပွားမှုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းအကြား ဖြစ်ပွားမှုများ လည်း ပါဝင်သည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ