Preview

ကျောက်ဖြူမှ လူငယ် ၂ ဦး၏အမှုတွင် တရားလိုဖြစ်သူ ရဲစခန်းမှူး ရုံးချိန်း ၈ ကြိမ်တိုင်တိုင်ပျက်ကွက်

အောက်တိုဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :782
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၂၂/၂၀၂၂

၇ခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာမှပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီး တရားစွဲခံလူငယ် ၂ ဦး၏ အမှုတွင် တရားလိုဖြစ်သူ ဇင်ချောင်းရဲစခန်းမှူးသည်ရုံးချိန်း (၈) ကြိမ်တိုင်တိုင် ပျက်ကွက်နေသည်ဟု သတင်းရရှိသည်။

 

ယမန်နေ့ ရုံးချိန်းတွင်လည်း ပျက်ကွက်ခဲ့ကြောင်း၊ ထိုသို့ ပျက်ကွက်နေခြင်းမှာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပျက်ကွက်နေခြင်းဖြစ်ပြီး ရုံးချိန်း၈ ကြိမ်အထိ ပျက်ကွက်၍ ၎င်းလူငယ် ၂ ဦးအတွက် နစ်နာမှုရှိနေသည်ဟု၎င်းတို့၏မိသားစုဝင်များက ပြောသည်။

မိသားစုဝင်တစ်ဦးက "တိတိကျကျ ရှေ့ကိုလာပြီးထွက်ပေးစေချင်ပါတယ်။ အပြစ် မရှိရင်လည်းလွှတ်ပေးစေချင်ပါတယ်။ အခုလိုအကြိမ်ကြိမ်ရုံးချိန်းပျက်ကွက်နေတော့ မိသားစုဝင်တွေ အတွက်ရော၊ တရားစွဲခံနေရတဲ့ လူငယ်တွေအတွက်ရော နစ်နာမှုရှိနေတယ်။ တရားရုံးအနေနဲ့လည်းတရားလို ဒီလိုပျက်ကွက်နေတဲ့ အပေါ်မှာ တရားဥပဒေနဲ့ အညီ ဆောင်ရွက်သင့်ပါတယ်ဟု ပြောသည်။

 

၎င်းလူငယ်နှစ်ဦးမှ ကျောက်ဖြူမြို့နယ် မူရွင်းကျေးရွာနေကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်)နှင့်ကိုထွန်းထွန်းဇော်(၂၀ နှစ်)တို့ဖြစ်ပြီး မူရွင်းကျေးရွာတွင် ပန်းရံလုပ်ငန်းလုပ်ကိုင်နေကြသူများ ဖြစ်ကြောင်းသိ၇သည်။

မိသားစုအနေဖြင့် တရားရုံးထုတ်သည့် နေ့တိုင်း ခရီးဝေးက လာရသလို တရားလိုမရောက်၍ အမှုမစစ်ရသဖြင့် အချိန်နှင့် ငွေကုန်ကြေးကျများနေ၇ကြောင်း၊မိဘများအနေဖြင့်လည်းသက်ကြီးရွယ်အိုများဖြစ်နေ၍ လူပင်ပန်းစိတ်ပင်ပန်းဖြစ်နေ၇ကြောင်း၊ အဖမ်းခံရထား၇သူများ အနေဖြင့် နစ်နာဆုံးရှုံးမှုများရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

 

၎င်းတို့နှစ်ဦးကိုယမန်နေ့ အောက်တိုဘာလ ၂၁ ရက်၊နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ယင်းရုံးချိန်းတွင်စစ်ဆေးရမည့် တရားလို  မရောက်၍ အောက်တိုဘာ၂၈ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟု သိ၇သည်။


အဆိုပါတရားလိုဇင်ချောင်းရဲစခန်းမှူးသည်လုံခြုံရေးအခြေအနေကိုအကြောင်းပြ၍ ရုံးချိန်းပျက်ကွက်နေသည်မှာ ၈ကြိမ်တိုင်တိုင်ရှိနေပြီဖြစ်ပြီတိကျသည့်သက်သေကိုရုံးချိန်းကိုလာ၍ ထွက်ဆိုစေချင်ကာ အဆိုပါသက်သေမရှိပါက ပြန်လွှတ်ပေးစေချင်ကြောင်း၎င်းတို့၏မိသားစုဝင်တစ်ဦးက ပြောသည်။

၎င်းတို့နှစ်ဦးအားလာမည့်အောက်တိုဘာလ ၂၈ ရက်အား ရုံးချိန်းထပ်မံချိန်းဆိုလိုက်ကြောင်း သိ၇သည်။

 

၎င်းတို့ ၂ ဦးသည် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်ကကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာသို့ လုပ်ငန်းသုံးပစ္စည်းဝယ်ရန်လာစဉ်တွင်ဇင်ချောင်းရဲစခန်းရှေ့ရှိ လုပ်ငန်းသုံး ပစ္စည်းရောင်းသည့်ဆိုင်မှဝယ်အပြီးယင်းအနီး ကွမ်းယာဆိုင်၌ ကွမ်းဝယ်စားနေစဉ် ရဲသား ၅ ဦးခန့်က မသင်္ကာ၍စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ  ဇင်ချောင်းရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထို့နောက်ဇင်ချောင်းရဲစခန်း၌ ဇွန်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် ၎င်းတို့နှစ်ဦးနှင့်မိသားစုဝင်များ တွေ့ခွင့်ရခဲ့ပြီးညနေပိုင်း ကျောက်ဖြူမြို့တပ်ရင်းတစ်ခုသို့ ခေါ်ဆောင်သွားကာ နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ကြောင်းသိ၇သည်။

လက်ရှိတွင် ၎င်းတို့အားထိန်းသိမ်းထားသည့်ကျောက်ဖြူအကျဉ်းထောင်အတွင်း ရေမသန့်ရှင်းမှုကြောင့်အရေပြားရောဂါများလည်း ဖြစ်ပေါ်နေပြီးဆေးဝါးများလည်းလုံလောက်မှုမရှိဖြစ်နေကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

"ဖျားနာတာ၊ခေါင်းကိုက်တာတွေ အမြဲလိုလိုဖြစ်နေပါတယ်။ ကျန်းမာရေးကို စိတ်မချဖြစ်နေပါတယ်"ဟုပြောသည်။

အဆိုပါလူငယ်နှစ်ဦးအနက် ကိုစိုင်းဝဏ္ဏကျော်သည်မူရွင်းကျေးရွာတွင် လူပျိုကာလသားခေါင်းဆောင်ဖြစ်ကာ သာရေး၊ နာရေးကိစ္စများတွင်ဦးဆောင်လုပ်ကိုင်နေသူတစ်ဦးဖြစ်ကာ ကိုထွန်းထွန်းဇော်မှာ ဆယ်တန်းအောင်၍တက္ကသိုလ်တက်ရန် ပြင်ဆင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိ၇သည်။

လက်ရှိ၇ခိုင်တွင် ရက္ခိုင့်တပ်တော်နှင့်မြန်မာစစ်တပ်တို့အကြား စစ်ရေးအခြေအနေတင်းမာလျက်ရှိနေကာကျောက်ဖြူမြို့နယ်မှ ဒေသခံ ၀ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်းသိ၇သည်။ (NN-8)


#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.