စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

သံတွဲမြို့၏အနောက်တောင်ဘက်ရေမိုင် (၃၆၀)မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်ဖြစ်ပေါ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.9k

နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၂

 

ရခိုင်ပြည် သံတွဲမြို့၏တောင်-အနောက်တောင်ဘက်ရေမိုင် (၃၆၀)မိုင်ခန့်အကွာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် ( Depression)  တစ်ခုဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီအချိန်တွင် ထုတ်ပြန်ထားချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည်အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု ဖော်ပြသည်။

 

ယနေ့ အောက်တိုဘာ ၂၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်များအရ ယင်းသို့ မုန်တိုင်းငယ် အဖြစ်ရောက်ရှိခဲ့သည်ကို သိရှိရသည်ဟု ဖော်ပြသည်။

 

လက်ရှိတွင် အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏အနောက်-အနောက်တောင် ဘက်ရေမိုင်(၁၄၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏အနောက်တောင်ဘက်ရေမိုင် (၂၅၀)မိုင်ခန့်၊ သံတွဲမြို့၏တောင်-အနောက်တောင်ဘက်ရေမိုင် (၃၆၀)မိုင်ခန့် ပင်လယ်ပြင်ကိုဗဟိုပြုနေသည်ဟု ဆိုသည်။

 

အိန္ဒိယနိုင်ငံမှ ဆိုလျှင် ပို့ဘလဲယားမြို့၏အနောက်မြောက်ဘက်ရေမိုင် (၁၄၀)မိုင်ခန့်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်အဘက်ရေမိုင် (၅၂၅)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရာဆောမြို့၏ တောင်ဘက်ရေမိုင်(၅၆၀)မိုင်ခန့်အကွာ မိုး/ဇလက ထုတ်ပြန်ထားသည်။

 

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့်ရှိနိုင်သည်ဟု  ထုတ်ပြန်ထားသည်။

ဆက်စပ် သတင်းများ