တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

စစ်တွေတွင် စတုတ္တတန်းကျောင်းသား ကလေး ၃ ဦး ပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.7k

နိရဉ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၂

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် စတုတ္တတန်းကျောင်းသား ကလေး ၃ ဦးသည် အောက်တိုဘာ ၂၂ ရက် နံနက် ၁၁ နာရီခန့်ကပင် စစ်တွေမြို့ရှိ ပွိုင့်အပန်းဖြေစခန်းသို့ စက်ဘီးနှစ်စီးဖြင့် သွားလည်ကြရာမှ ယနေ့ နံနက်အချိန်ထိ နေအိမ်သို့ ပြန်ရောက်မလာသေးဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေကြသည့် အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးမှာ ပြည်တော်သာ ရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နင့် ဘုမေစစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့် တို့ဖြစ်ကြသည်။

၎င်းတို့အနက် စစ်တွေတက္ကသိုလ်လေးထပ်ဆောင်တွင် နေထိုင်သည့် မောင်ဇွဲဘုန်းခန့်က ၎င်း၏စက်ဘီးနှင့် ပြည်တော်သာမှ မောင်ဟိန်းထက်ဝင်းနိုင်ကို လာခေါ်ပြီးနောက်တွင် မောင်အောင်လင်းသူတို့ကို ခေါ်ရန်သွားခဲ့ကြပြီး ၎င်းတို့သည် စစ်တွေ ပွိုင့်သို့ သွားရန် ပြောဆိုနေခဲ့ကြကြောင်း အနီးအနားရှိလူများမှတဆင့်သိရသည်။

၎င်းတို့ပျောက်ဆုံးနေသည်ကို ယမန်နေ့ညနေ လေးနာရီတွင် ကျူရှင်လာရောက်မတက်မှသာ မိသားစုများသတိထားမိခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် မြို့အနှံလိုက်ရှာခဲ့ကာ ၎င်းကလေးသုံးဦး စီးသွားသည့် စက်ဘီးနှစ်စီးအနက် တစ်စီးကို စစ်တွေပွိုင့်အပန်းခြေစခန်းရှိ ဓာတ်တိုင်တွင် စက်ဘီးသော့နှင့်တွဲချိတ်၍ တွေ့ရှိခဲ့ကြောင်း သိရသည်။

"အခုက ဖမ်းခေါ်သွားတာလား။ ရေပဲနစ်တာလား။ ထွက်ပြေးသွားကြတာလား မသိပါ။ ထွက်ပြေးဖို့ကလည်း ကလေးအရွယ်တွေပဲ ရှိကြသေးတာပါ။ ဆယ်နှစ်ဆိုတာကငယ်ပါသေးတယ်။ လေးနာရီကျူရှင်ရှိတာလည်း မတက်ကြပါဘူး။ အဲဒီအချိန်မှ ပျောက်တာကိုသိတာပါ။ မိဘတွေကတော့ ရဲစခန်းမှာပါ တိုင်ချက်ဖွင့်ထားပါတယ်" ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိတွင် ယနေ့ညည့် ၁၁ နာရီခွဲအထိ ၎င်းတို့၏ ဆွေမျိုးမိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်းတို့မှ စစ်တွေတစ်မြို့လုံးအနှံ့နှင့် ပွိုင့်ကမ်းခြေ ရေစပ်နားများအထိ ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိခဲ့ရသေးကြောင်း သိရသည်။

၎င်းတို့ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁)ရဲခစန်းတွင် ၎င်းတို့၏မိဘများမှ လူပျောက်တိုင်တန်းထားကြောင်းလည်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ