စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်တော်တွင် ညည့်အချိန်မီးလောင်မှုဖြစ်ပွား၊ စျေးဆိုင်ခန်းနှင့် လူနေအိမ် ၁၀အိမ်ကျော် မီးလောင်ဆုံးရှုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ အောက်တိုဘာ ၂၄၊ ၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ညဥ့်အချိန် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့၍ စျေးဆိုင်ခန်းနှင့် လူနေအိမ် ၁၀အိမ်ကျော် မီးလောင်ဆုံးရှုံးခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့အောက်တိုဘာလ ၂၄ရက် မနက်အာရုံတက် ၁နာရီကျော်အချိန်ခန့်တွင် ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့ပတ်လမ်း၊ ၉လမ်းနှင့် ၁၀လမ်းကြားရှိ လမ်းဘေးတွင် တိုးချဲ့တည်ဆောက်ထားသည့် စျေးမှ ဆိုင်ခန်းတစ်ခန်းမှ စတင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"ဆိုင်တစ်ဆိုင်ကနေ စလောင်တယ်လို့သိရတယ်။ အဲ့ဒါ ရေခဲသေတ္တာကို ဖွင့်ထားတော့ အပူလွန်ကဲရာကနေ ပေါက်ကွဲပြီး မီးလောင်တာလို့သိရတယ်။ ဘယ်သူဆိုင်က စဖြစ်မှန်းတော့ မသိဘူး။မီးလောင်နေမှသိရတယ်။ စျေးဆိုင်ခန်းနဲ့ လူနေအိမ် ၁၀အိမ်ကျော်လောက် မီးလောင်ပြီးဆုံးရှုံးသွားတယ်။ လူတွေ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး" ဟု မြို့ခံတစ်ဦးက ပြောသည်။၎င်းမီးလောင်မှုကို ရပ်ကွက်နေပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း မီးငြိမ်းသတ်ရာမှ ညဉ့် ၂ နာရီကျော်မှ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

"မီးက ရပ်ကွက်ကလူတွေနဲ့ အနီးအနားကလူတွေရောက်လာပြီး ဝိုင်းသတ်ပေးကြတယ်။ မီးစလောင်ချိန်နဲ့ မီးငြိမ်ချိန်က ၁နာရီလောက်ကြာတယ်။ ၂နာရီကျော်အချိန်လောက်မှာငြိမ်သွားတယ်" ဟု ပြည်တော်သာရပ်ကွက်မှ ဦးကျော်ခိုင်ဦးက ပြောသည်။

မီးလောင်ကျွမ်း၍ ပျက်စီးဆုံးရှုံးသွားသည့် စျေးဆိုင်ခန်းများမှာ စားသောက်ဆိုင်၊ မုန့်တီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အပ်ချုပ်ဆိုင်(၂)ဆိုင်အပါ ဝင် လူနေအိမ်အပါအဝင် စုစုပေါင်း(၁၀)အိမ်ကျော်ခန့် ပျက်စီးဆုံးရှုံးသွားသည်ဟု သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၉ ရက်၊ ည ၁၀ နာရီခွဲခန့်အချိန်ကလည်း ဘူးသီးတောင်မြို့ပေါ်ရှိ အဖျော်ယမကာအရောင်းဆိုင် ၁ဆိုင်၌ ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။(NN-12)

 

Photo by Naing Win Lwin 

ဆက်စပ် သတင်းများ