တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ပျောက်ဆုံးနေသည့် စတုတ္တတန်းကျောင်းသား ၃ ဦးကို ပွိုင့်အပန်းဖြေစခန်းအနီး ကမ်းခြေတွင် ဆက်လက် ရှာဖွေမှုများပြုလုပ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၂

 

စစ်တွေမြို့တွင်  ပျောက်ဆုံးနေသည့် စတုတ္တတန်းကျောင်းသား ၃ ဦးကို ပွိုင့်ပင်လယ်ကမ်းခြေတွင် လူမှုကယ်ဆယ်ရေးအသင်းများက ဆက်လက် ရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။

 

ပျောက်ဆုံးနေကြသည့် ကျောင်းသား ၃ ဦးသည် အောက်တိုဘာလ ၂၂ ရက်နေ့ကပင် ယနေ့  နံနက် ၈ နာရီ အချိန်ထိ မတွေ့ရှိသေးသဖြင့် ၎င်းတို့သုံးဦးသွားရောက်ခဲ့ရာ ပွိုင့်ကမ်းခြေတွင် လိုက်လံ ရှာဖွေနေကြောင်း မောင်ဟိန်းထက်ဝင်းနိုင်၏ အစ်မဖြစ်သူ မကြယ်စင်ဝင်းနိုင်ကပြောသည်။

 

"ရေထဲမှာ ရှာနေကြတုန်းပါ၊ မတွေ့ရသေးပါဘူး။ CCTVက အဲလိုကလေးသုံးယောက်လို ရိပ်ရိပ်ချေမြင်တာပါ။ သူတို့ထွက်သွားတဲ့အချိန်နဲ့တော့ မှန်နေပါတယ်။ အခုတော့ လှေတွေနဲ့လည်း ရှာနေကြတုန်းပါ။ ကုန်းပေါ်မှာလည်း ရှာခဲ့ကြပြီးပါပြီ။ ရဲတွေကလည်း ရှာပေးနေတယ်လို့ပြောတယ်၊ မသိရသေးပါဘူး"ဟုပြောသည်။

 

၎င်းတို့ ၃ ဦးသည် အောက်တိုဘာ ၂၂ ရက် နံနက်  ၁၁ နာရီခန့်ကပင် ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန် စက်ဘီးဖြင့် ထွက်ခွာကြပြီးနောက်ပိုင်းတွင် ပျောက်ဆုံးနေကြခြင်းသည်။  

 

ပျောက်ဆုံးနေကြသည့် အသက်ဆယ်နှစ်အရွယ် စတုတ္တတန်းကျောင်းသား ၃ ဦးမှာ ပြည်တော်သာ ရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင်၊ မောင်အောင်လင်းသူ နှင့် ဘုမေ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်နေ မောင်ဇွဲဘုန်းခန့် တို့ဖြစ်ကြသည်။

 

ပွိုင့်အပန်းဖြေစခန်းထဲရှိ The Bay Restaurant & Barရှိ CCTVတွင် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်က ပွိုင့်အပန်းဖြေစခန်းရှိ အသည်းပုံစုံ ပြုလုပ်ထားသည့်နေရာအနီးတွင် ကလေး ၃ ဦး ရေကစားရင်း ရေနှင့်မျှောပါသွားပုံကို ခပ်ရေးရေးမြင်တွေ့ရသဖြင့် ပွိုင့်အပန်းဖြေစခန်းအနီးရှိ ကမ်းခြေတစ်လျှောက်တွင် အဓိကထား ရှာဖွေနေကြခြင်းဖြစ်သည်ဟု သိရသည်။

 

လက်ရှိတွင် စစ်တွေပွိုင့်ကမ်းခြေတစ်လျှောက်နှင့် စစ်တွေကမ်းနားလမ်းတစ်လျှောက်တွင်လည်း စက်လှေများဖြင့်ရှာဖွေနေပြီး ညနေပိုင်းကလည်း ပွိုင့်ကမ်းခြေအနီးရှိ ကျောက်ဆောင်များအနီးတွင် ရေငုပ်၍ရှာဖွေနေခဲ့ကြပြီး ထူးခြားမှုမရှိသေးကြောင်းနှင့် ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ကလေးများအား လိုက်လံရှာဖွေပေးနေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုသာကီဖြိုးက ယမန်နေ့ညနေ ၆ နာရီခွဲတွင် နိရဉ္စရာသို့ပြောသည်။

 

"ထူးခြားမှုကတော့ မရှိသေးပါဘူး။ ကျနော်တို့ မရပ်ဘဲနဲ့ ဆက်လက်ရှာဖွေနေကြပါသေးတယ်။ ပွိုင့်မှာတစ်ဖွဲ့နဲ့ နောက်ထပ်လူစုခွဲပြီးရှာနေကြပါတယ်။ ပွိုင့်အပြင် ကမ်းခြေတစ်လျှောက်၊ ကမ်းနားလမ်းရေစပ်တလျှောက် ရှာဖွေနေကြပါသေးတယ်" ဟုပြောသည်။

 

ယမန်နေ့ ညနေမှစ၍ ယနေ့အချိန်အထိ ၎င်းတို့သုံးဦးအား စစ်တွေမြို့အနှံ့ ၎င်းတို့သွားတတ်သည့် နေရာများနှင့် အခြားနေရာများသို့လည်း သွားရောက်ရှာဖွေခဲ့ပြီးဖြစ်ကြောင်းသိရသည်။

 

၎င်းကျောင်းသား သုံးဦးအနက် စစ်တွေတက္ကသိုလ်လေးထပ်ဆောင်တွင် နေထိုင်သည့် မောင်ဇွဲဘုန်းခန့်က ၎င်း၏စက်ဘီးနှင့် ပြည်တော်သာမှ မောင်ဟိန်းထက်ဝင်းနိုင်နှင့် မောင်အောင်လင်းသူတို့နှင့် အတူ စစ်တွေ ပွိုင့်သို့ သွားရန်ခဲ့ကြသည်ဟု အနီးအနားရှိလူများ၏ အပြောအရ သိရသည်။

 

၎င်းတို့ပျောက်ဆုံးနေသည်ကို ယနေ့ညနေ လေးနာရီတွင် ကျူရှင်လာရောက်မတက်မှသာ မိသားစုများသတိထားမိခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် မြို့အနှံလိုက်ရှာခဲ့ကာ ၎င်းကလေးသုံးဦး စီးသွားသည့် စက်ဘီးနှစ်စီးအနက် တစ်စီးကို စစ်တွေပွိုင့်အပန်းခြေစခန်းရှိ ဓာတ်တိုင်တွင် စက်ဘီးသော့နှင့်တွဲချိတ်၍ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

၎င်းတို့ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် (၁)ရဲခစန်းတွင် ၎င်းတို့၏မိဘများမှ လူပျောက်တိုင်တန်းထားကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ