စနေ၊ မေလ ၄ရက်၊ ၂၀၂၄

စစ်တွေတွင် ပျောက်ဆုံးနေသည့်ကလေးငယ် ၃ ဦးထဲမှ ၂ ဦး၏အလောင်းကိုရှာဖွေတွေ့ရှိပြီးနောက် သဂြိုလ်ပြီးစီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ရေနစ်၍ ပျောက်ဆုံးနေသည့် စတုတ္ထတန်း ကလေးငယ် ၃ ဦးအထဲမှ ရှာဖွေတွေ့ရှိခဲ့သည့် ကလေးငယ် ၂ ဦး၏ အလောင်းကို ယနေ့ ညနေပိုင်းက အာကျိတ်တော်ကုန်း သုဿန်တွင် မီးသဂြိုလ်ခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ သင်္ဂြိုလ်ခဲ့သည့် ကလေးငယ် ၂ ဦးမှာ ဘုမေရွာ စစ်တွေတက္ကသိုလ် လေးထပ်ဆောင်မှ မောင်ဇွဲဘုန်းခန့် (၁၁) နှစ်နှင့် ပြည်တော်သာရပ်ကွက်နေ မောင်ဟိန်းထက်ဝင်းနိုင် (၁၁) နှစ်တို့ဖြစ်ကြသည်။

မောင်ဇွဲဘုန်းခန့် ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်က ကျေးတောရွာမအရှေ့ဘက် ချောင်းထဲတွင် ရှာဖွေတွေ့ရှိခဲ့ပြီး မောင်ဟိန်းထက်ဝင်းနိုင် အလောင်းကို ယနေ့ နေ့လယ် ၁ နာရီခွဲဝန်းကျင်တွင်  စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးရှိ မြစ်ပြင်ကမ်းစပ်မှ ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့၏အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် စစ်တွေမြို့ရှိ မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းနှင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယနေ့ ညနေ ၄ နာရီက အဆိုပါ ကလေးငယ်နှစ်ဦးအား အာကျိတ်တော်ကုန်းတွင်  သင်္ဂြိုလ်ခဲ့ရာ လူပေါင်း ရာနှင့်ချီပြီး အသုဘ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ဒီနေ့လေးနာရီမှာ အခုတွေ့ထားတဲ့ ကလေးနှစ်ယောက်အလောင်းကို မီးသဂြိုလ်ပါယ်။ အသုဘမှာတော့ လူတွေအများကြီးရောက်ပါတယ်။ အထူးဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အသုဘ တစ်ခုပါပဲ။ နောင်ဘ၀ဆက်တိုင်း ဒီလို အဖြစ်မျိုးနဲ့ မကြုံကြစေဖို့ ဆုတောင်းပါတယ်" ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ပညာသင်ကြားနေဆဲ ကလေးငယ်များသေဆုံးရခြင်းနှင့်ပတ်သက်၍ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းခံစားရပြီး မိသားစုများအနေဖြင့်လည်း ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး  ပြည်သူများ အတွက်လည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခုဖြစ်ပါကြောင်း ၎င်းကလေးငယ်များကို ကြိုးစားလိုက်လံရှာဖွေပေးနေသည့် မေတ္တာရောက်ခြည်ဖောင်ဒေးရှင်းမှ ကိုကျောက်ချိုင်က နိရဉ္စရာသို့ပြောသည်။

 "ခံစားရတာပေါ့။ ကိုယ်တို့အနေနဲ့တောင်မှ သွေးမတော်သားမစပ်ပေမဲ့ အရမ်းထိခိုက်ခံစားရပါတယ်။ စာသင်နေကြတဲ့ကလေးတွေ ဆုံးရှူံးရတာဟာ ကိုယ့်ပြည်အတွက်လည်း နစ်နာသလို မိသားစုဘက်ကကြည့်ရင်တောင် အရမ်းနစ်နာတယ်။ မိသားစုတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်သလို အခုလို အရွယ် ရောက်တဲ့ အချိန်မှ ဆုံးရှုံးရတယ်ဆိုတာ အရမ်းရင်ထဲမှာခံစားရပါတယ်။ စိတ်ထဲမှာလည်း လုံးဝမကောင်းပါဘူး" ဟုပြောသည်။

နောက်ပျောက်ဆုံးနေသည့် ပြည်တော်သာရပ်ကွက်နေ မောင်အောင်လင်းသူကိုလည်း စစ်တွေမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆက်လက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

၎င်းလေးတန်းကျောင်းသား ၃ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်ကပင် ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန်ထွက်ခွာကြပြီးနောက်ပိုင်းတွင် ပျောက်ဆုံးနေကြခြင်းဖြစ်ပြီး ယနေ့တွင် အလောင်း နှစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ကာ ကျန်ကလေးငယ်တစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။

လက်ရှိစစ်တွေတွင် မုန်တိုင်းကြောင့် မိုးများသည်းထန်းစွာရွာသွန်းနေကာ လေပြင်းများလည်း တိုက်ခတ်နေပြီး လိုင်းလေထန်နေသဖြင့် ကျန်ရှိသည့်တစ်ဦးအား  ရှာဖွေရာတွင် အခက်အခဲများနှင့် ကြန့်ကြာမှုရှိနေကြောင်းသိရသည်။ (NN-8)

ဆက်စပ် သတင်းများ