စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ရခိုင်တွင်ထိခိုက်ပျက်စီးမှုများရှိနေ၊


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 388

(နောက်(၆)နာရီအတွင်းအားကောင်းသောဆိုင်ကလုန်မုန်တိုင်းအဖြစ်ရောက်ရှိကာ အောက်တိုဘာ ၂၅ ရက်တွင်ဘင်္ဂလားဒေ့ရှ်ကို ဖြတ်ကျော် ဝင်ရောက်နိုင်ဖွယ်ရှိနေ)

နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၂

"စီတရန် (SITRANG)”အမည်ပေးထားသော ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာ၊ သဲခုံရွာ၊ တို့တွင် နေအိမ်အဆောက်အအုံများ ပျက်စီးခြင်း နှင့် သစ်ပင်များကျိုးကျခြင်းများ ရှိနေကြောင်း သိရသည်။

သဲခုံရွာသူ မခင်ခင်လှက "နေ့လယ်ကတည်းက ရွာကလူတွေ တခြားရွာတွေကို ထွက်ပြေးနေကြတာပါ။ မနက်ကတည်းကလေအရမ်းပြင်းပါတယ်။ အိမ်တွေပြိုသွားတာတွေရှိတယ်။ မော်ထဲဘက်မှာ အဆောင်တွေ၊ ရေခူဒိုင်တွေ ပြိုတယ်၊ အခေါင်တွေပွင့်ထွက်သွားတာတွေရှိတယ်။ ရေခူတွေပါ မြစ်ထဲပါသွားတာတောင်ရှိကြပါတယ်" ဟု နိရဉ္စရာကို ပြောသည်။

စစ်တွေမြို့ထက်တွင်လည်း မုန်တိုင်းအရှိန်ကြောင့် သစ်ပင်များ ကျိုးကျမှုများရှိခဲ့ကြောင်း သိရသည်။

၎င်းမုန်တိုင်းသည် ရခိုင်ပြည်နယ်၊သံတွဲမြို့၏အနောက်-အနောက်မြောက်ဘက် ရေမိုင် (၂၇၅)မိုင်ခန့်၊ စစ်တွေမြို့၏အနောက်-အနောက်တောင်ဘက်ရေမိုင် (၁၈၅)မိုင်ခန့်၊ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက်ရေမိုင် (၁၇၀)မိုင်ခန့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ယနေ့ ညနေ ၄ နာရီအချိန် မိုးဇ/လ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါမုန်တိုင်းသည် နောက်(၆) နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်မုန်တိုင်းအဖြစ် ရောက်ရှိမည်ဟု ဆိုသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “စီတရန်(SITRANG)”သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက်(၆)နာရီအတွင်း အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာကာ (၂၅.၁၀.၂၀၂၂)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို တင်ကိုနာကျွန်း(Tinkona Island)နှင့် ဆန်းဝစ်(ပ်)ကျွန်း(Sandwip Island)တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ဆာဂါကျွန်း(Sagar Island)၏တောင် အရှေ့တောင်ဘက်ရေမိုင် (၁၅၅)မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဘရာဆောမြို့(Barisal)၏တောင်-အနောက်တောင် ဘက်ရေမိုင်(၁၉၀)မိုင်ခန့် အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းအလွန်ကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၆၀)မှ (၆၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စီတရန်(SITRANG)”၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့်ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇ/လက သတိပေးချက်ထုတ်ပြန်ထားသည်။ (NN-7)

ဆက်စပ် သတင်းများ