စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မုန်တိုင်းကြောင့် ရခိုင်မှ မြို့နယ်အချို့တွင်စပါးစိုက်ခင်းများပျက်စီးဆုံးရှုံးမှုရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.9k

နိရဉ္စရာ၊ အောက်တိုဘာ ၂၅၊ ၂၀၂၂

လက်ရှိတိုက်ခတ်သွားသည့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်ပြည်ရှိ မြို့နယ်တချို့တွင် စပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ဟု သတင်းရရှိသည်။

မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခဲ့သဖြင့် မှည့်စပြုနေသည့် စပါးပင်များလဲကျပြီး မြေတွင် ပြားဝပ်သွားသလို တချို့နေရာများတွင် ဒီရေလှိုင်းနှင့်အတူ ဆားငန်ရေများဝင်လာ၍ ပျက်စီးမှုများ ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်မှ လယ်သမားတစ်ဦးက" ဒီမှာက စပါးခင်းတွေထဲကို ဆားငန်ရေမဝင်ဖို့ တာဆည်ပြီး ထားရတယ်။အခုက လှိုင်းထန်။ ဒီရေတက်နဲ့ဆိုတော့ တာတွေကျိုးကျတယ်။ အဲဒီတော့ စပါးစိုက်ခင်းတွေထဲကို ဆားငန်ရေဝင်တယ်။ ဆားငန်ရေဝင်ရင် စပါးက မရတော့ဘူး။ ပြီးတော့ မြေမြင့် ကုန်းတန်းတွေမှာလည်း စပါးတွေက လဲသွားတယ်။ လေပြင်းတော့ စပါးတွေမြေမှာဝပ်သွားတယ်။ အပျက်အစီးတော့များတယ်" ဟု ပြောသည်။

မုန်တိုင်းကြောင့် စပါးစိုက်ခင်များ ပျက်စီးခဲ့ရသည့် မြို့နယ်များမှာ ြေပုံ၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းစသည့် မြို့နယ်များဖြစ်ကြသည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် စေတီပြင်ရွာမှ လယ်သမားတစ်ဦးက"စပါးစိုက်ဧက က စေတီပြင်အုပ်စုနဲ့ဆိုတော့ ဧက ၁၈၀၀လောက် ပျက်စီးမူရှိတယ်။ ဆားငန်ရေဝင်ပြီးတော့ ရေမြပ်သွားတယ်။ လယ်ပြင်မှာ ၂လက်မ။ ၃လက်မအထိ ဒီရေတက်တယ်။ တချို့နေရာတွေမှာ လယ်ကန်းသင်းတွေအထိ ရေလျှံသွားတယ်။ မိုးမရွာဘူး ဆိုရင်တော့ စပါးတွေပျက်စီးမယ်။ မိုးရွာရင်တော့ ဆားငန်ရေတွေ ပါသွားမယ်။ အခုက မိုးလည်း တိတ်သွားပြီဆိုတော့ဆားငန်ရေကြောင့် စပါးတွေ ကျွမ်းသွားနိုင်တယ်။ ဒီလိုဆိုရင်တော့ စပါးတွေပျက်စီးဆုံးရှုံးယ်။ တစ်ဝက်စားတစ်ဝက်ပစ် အဲသလိုမျိုးဖြစ်မယ်" ဟု ပြောသည်။

လက်ရှိအချိန်သည် စပါးများ အဖူးထွက်ခါစ၊ စပါးများနို့ရည်တည်စ၊ သီးခါစ၊ ကောက်ဦးကောက်သစ် စပါးပင်များမှည့်ချိန်ဖြစ်၍ မုန်တိုင် အရှိန်ကြောင့် စပါးပင်မျာအပျက်အစီးရှိများပါက  စပါး အထွက်နူန်းလည်း လျှော့ကျသွားနိုင်သည်ဟု လယ်သမားများက ပြောဆိုသည်။

မြောက်ဦးမြို့နယ်မှ လယ်သမားတစ်ဦးက "ကျနော်တို့ဆီမှာတော့ ရေမတက်ခဲ့ဘူး။ စပါးတွေတော့ အကုန်လုံးလဲသွားတယ်။ လေနည်းနည်းတိုက်ခဲ့တော့။ ဒီအချိန်က စပါးတွေက အဖူးနဲ့ အလုံးနဲ့ အနှံနဲ့ အချိန်ဆိုတော့။ လေတိုက်ရင်လဲတာပဲ။ လေတိုက်တာကို မခံနိုင်ဘူး။ ပြီးတော့ မိုးလည်းရွာလို့ အလေးဆွဲနေတော့ လေတိုက်တာနဲ့ လဲတာပဲ။  အဖူးထွက်ခါစပဲရှိသေး။ စပါးစေ့မှာ ဆန်အိတ် မပြည့်သေးဘူး။ လဲကျတော့ မြေမှာဝပ်ပြီး  အပူတွေနဲ့ပက်စီးသွားနိုင်တယ်။ လုံးဝဆုံးရှုံးတာတော့ မဟုတ်ဘူး။ သီးထွက်နည်းသွားတာ။ ပုံမှန်ဆိုရင် ၁ ဧကမှာ တင်း ၆၀ လောက်ထွက်တယ်။ အခုဆို တင်း ၄၀ လောက်ပဲထွက်တော့မယ်။  စပါးလဲတာကတော့ နေရာတိုင်းလိုလို လဲတယ်" ဟု ပြောသည်။

ယင်းအပြင် ပေါက်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း တာများ ကျိုးကျပြီး လယ်ပြင်များသို့ဆားငန်ရေများဝင်ရောက်လာကာ စပါးခင်းများမှာလည်း ပျက်စီး ဆုံးရှုံးမူရှိသည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက "လယ်ပြင်တွေမှာတော့ ဆားငန်ရေဝင်တယ်။ ဆားငန်ရေ ဝင်ရင်တော့ စပါတွေဆုံးပြီ။ ဆားငန်ရေက လုံးဝဝင်လို့မရဘူး။ ဝင်သွားရင် မိုးရွာဖို့လိုတယ်။ ဒါမှ ဆားငန်ရေတွေက ပါသွားမယ်။ အခုက မုန်တိုင်းအရှိန်နဲ့ ဒီရေတက်ပြီးတော့ လယ်ပြင်တွေမှာ ဆားငန်ရေ ဝင်ထားတော့ စပါးတွေ အဖူးနဲ့။ အပင်မသေလို့ စပါးထွက်ရင်တောင် စပါးက အထွက်နူန်းမကောင်းတော့ဘူး။ လျှော့သွားနိုင်တယ် ဟု ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်ရှိ မြို့နယ်အများစုမှ စပါးစိုက်ခင်းများပျက်စီးဆုံးရှုံးမှု ရှိသော်လည်း ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂမှလက်ရှိတွင် ဒေတာအချက်အလက်များကို ကောက်ယူနေဆဲဖြစ်၍ အသေးစိတ်မသိရှိနိုင်သေးဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြေသည်။

"ကျနော်က စပါးပျက်စီးတာကိုတော့ ကြားနေတယ်။ အသေးစိတ် ဒေတာအချက်အလက်ကတော့ ကျနော်တို့ မရနိုင်သေးပါ။ ကာရီကျိုးပေါက်လို့၊ တာကျိုးပေါက်လို့ ပျက်စီးသွားတာတွေကိုတော့ ကျနော်တို့ သတင်းရတယ်။ ဒါပေမယ့်  အသေးစိတ် အချက်အလက်ကတော့ စုပေါင်းပြီး မရနိုင်သေးဘူး။ ပေါက်တော၊ မြေပုံဘက်မှာ အများဆုံး ပျက်စီးပါမယ်။ အဲဒီဒေသတွေက ပင်လယ်ပြင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဒေသတွေဖြစ်တဲ့ အတွက်ကြောင့်ပါလေ။ အဲဒီမှာ တာကျိုးမှုတွေ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

ရခိုင်တွင် ယခုနှစ်အတွင်း ဘဏ်ချေးငွေမရခြင်း၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီနှင့် ထွန်ယက်စိုက်ပျိုး စရိတ်များ အလွန်တရာမြင့်တက်နေခြင်း၊ မိုးရေလိုအပ်ချိန်တွင် မိုးမရွာသွန်းခြင်းတို့ကြောင့် ရခိုင်လယ်သမားများ ခက်အခဲနှင့် ကြုံတွေ့ခဲ့ကြရပြီး လက်ရှိမုန်တိုင်းကြောင့်လည်း တချို့လယ်သမားများ အနေဖြင့် တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေကြရသည်ဟု ပြောဆိုသည်။ (NN-12/3)

ဆက်စပ် သတင်းများ