တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ပရဟိတလုပ်နေသည့် မြောက်ဦးမြို့မှ မြတန်ဆောင်းဆရာတော်ကို ဝင်ရောက်ရှာဖွေ၊ ရဟန်းတော်သဘာဝနဒီကိုလည်း ယခင်ရက်ပိုင်းကတစ်ရက်ထိန်းသိမ်းခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ အောက်တိုဘာ ၂၅/၂၀၂၂

စစ်ကောင်စီတပ်က မြောက်ဦးမြို့မှ ပရဟိတဆရာတော်ဖြစ်သည့် မြတန်ဆောင်းဆရာတော်ကို ယနေ့ ဝင်ရောက်ရှာဖွေခဲ့ပြီး လွန်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်ကလည်း ပရဟိတလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဦးဇင်းသဘာ၀နဒီကို တစ်ရက်တာ ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

ယနေ့ အောက်တိုဘာ ၂၅ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ်သား(၃၀)ခန့်က ကားတစ်စီးနှင့် မြတန်ဆောင်းဘုန်းကြီးကျောင်းအနီး စုံစမ်းစစ်ဆေးမှုများရှိခဲ့ပြီး ကျောင်းအတွင်းသို့ (၆) ဦးခန့် ဝင်လာကာ ဆရာတော်အား မေးမြန်းမှုများနှင့် စစ်ရှောင်စခန်းကိုလည်း ဓာတ်ပုံရိုက်မှုများ ရှိခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"သူတို့က ဒါက ဘယ်နေရာလဲ။ ဘာကျောင်းလဲမေးတယ်။ မြတန်းဆောင်ကျောင်းပါလို့ပြောတော့ ဆရာတော်က ဘယ်သူလဲလို့ နာမည်မေးတယ်။ ဆရာတော်ကိုတော့ ခရီးလွန်နေလို့ သူတို့ မတွေ့သွားပါဘူး"ဟု ပြောသည်။

ယခုကဲ့သို့ လာရောက်စုံစမ်းမေးမြန်းမှုနှင့်ပတ်သက်၍ အကြောင်းအရင်းကို မသိရရှိရကြောင်း အဆိုပါကျောင်းတွင်ခိုလှုံနေကြသည့် စစ်ရှောင်များက ပြောသည်။

ယခု မြတန်ဆောင်းဆရာတော်အား မေးမြန်းစစ်ဆေးမှုမပြုလုပ်မီ လွန်ခဲ့သော အောက်တိုဘာ ၁၆ ရက်နေ့ကလည်း လူမှုရေးလုပ်ငန်းများဆောင်ရွက်နေသည့် ရဟန်းတော်တစ်ပါးဖြစ်သော ဦးဇင်းသဘာ၀နဒီကို ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးကာ တစ်ရက်ထိန်းသိမ်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဦးဇင်းသဘာဝနဒီနှင့် မြတန်ဆောင်းဆရာတော်တို့သည် လူမှုရေးဆောင်ရွက်နေသည့်  ရင်းနှီးသည့်ဆရာတော်တစ်ပါးဖြစ်သည်။

ယခုကဲ့သို့ မြတန်ဆောင်းဆရာတော်ကို စစ်ကောင်စီတပ်က ရှာဖွေသည့် အပေါ် ဦးဇင်းသဘာ၀နဒီက  "ဦးဇင်းကတော့ လက်ရှိမှာ ရခိုင်စစ်ဘေးရှောင်အရေးနဲ့ ကူညီ ဆောင်ရွက်ပေးနေကြတဲ့ လူပုဂ္ဂိုလ်တွေကို စိတ်ပိုင်းဆိုင်ရာအရ တစ်စုံတစ်ရာထိခိုက် စေချင်လို့ လုပ်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ အမ်းသားကြီးတို့၊ တခြား လူမှုရေးတက်ကြွသူတွေရဲ့ အိမ်တွေကို ဝင်ပြီး ဝိုင်းရံရှာဖွေတာတွေရှိတယ်။ ဦးဇင်းကိုလည်း ဟိုရက်ပိုင်းကပဲ အကြောင်းမရှိအကြောင်းရှာပြီး တစ်ရက် ဖမ်းဆီးထိန်းသိမ်းတယ်။ မြတန်ဆောင်းဆရာတော်ကို အခုလိုလုပ်တာက လူမှုကူညီရေးလုပ်တဲ့ ပရဟိတလုပ်တဲ့ ရခိုင်ကလူမှုရေးတက်ကြွလှုပ်ရှားသူတွေကို ပစ်မှတ်ထားပြီး ဖိအားပေးတယ်လို့ မြင်ပါတယ်" ဟု ပြောကြားသည်။

မြတန်ဆောင်းဘုန်းတော်သည် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ (၁၄၀၀) ခန့်ကို ခိုလှုံနေထိုင်ရန် နေရာပေးထားပြီး ဆင်းရဲနွမ်းပါးသည့်ကလေးများအတွက် မြတန်ဆောင်း ဘကကျောင်းလည်း ဖွင့်လှစ်ထားသည်။  မြတန်ဆောင်း ဆရာတော်သည့် ၂၀၁၇ ခုနှစ်ကလည်း မတရားအသင်း ဆက်သွယ်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသေးသည်။

ရခိုင်တွင် ရခိုင်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သူ၊ ရဟန်းပုဂ္ဂိုလ် လူုဂ္ဂိုလ်များ၊ လူမှုရေးလှုပ်ရှားသူများ၊ ပရဟိတသမားများသည် စစ်ကောင်စီ၏ အဓိကပစ်မှတ်ဖြစ်နေပြီး ဖမ်းဆီးတရားစွဲဆိုမှုများလည်း ဆက်တိုက်ရှိနေသည်ဟု သိရသည်။

ယနေ့တွင် မြောက်ဦးမြို့အတွင်း  မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ ရှင်ပါဂူဆေးခန်း နှင့် ဆင်ချဆိပ်အနီးဝန်းကျင်တို့အပြင် မြို့ထဲတွင် ပုံမှန်ထက် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားမှုများနေသည့်အတွက် မြို့ခံများအနေနဲ့ သတိထားနေထိုင်နေရကြောင်း သိရသည်။(NN-7)

ဆက်စပ် သတင်းများ