စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မုန်တိုင်းကြောင့် ပင်လယ်ထဲမျောပါသွားသည့် စစ်တွေမှ မူဆလင်ငါးဖမ်းသမား ၂ ဦးကို ရခိုင်ကျေးရွာသားများကယ်တင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.6k


နိရဥ္စရာ၊ အောက်တိုဘာ၂၆/၂၀၂၂

ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့သည့် စီန်မုန်တိုင်းကြောင့် ငါးဖမ်းလှေနစ်မြုပ်၍ ပင်လယ်ထဲမျောပါသွားသည့် စစ်တွေမြို့နယ်မှ ငါးဖမ်းသမား မူဆလင်အမျိုးသား ၂ ဦးကို ရခိုင်ကျေးရွာသားများက ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။

ပင်လယ်ထဲမျောပါသွားသည့် ငါးဖမ်းသမား မူဆလင် ၂ ဦးမှာ စစ်တွေမြို့နယ် အုန်းတောချေကယ်ဆယ်ရေးခန်းမှ ဦးမာမောက်ယာဆိမ်း(ခေါ်) ဘုတ်စတီ (၄၄ နှစ်)နှင့် ဘောဒူဗကယ်ဆယ်ရေးခန်းမှ ဇာလာမတ် (၂၇ နှစ်)တို့ဖြစ်သည်။

သူတို့နှစ်ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက် နံနက်အစောပိုင်းတွင် စစ်တွေမြို့နယ် ပလ္လင်ပြင်ရွာ၏ အနောက်ဖက် ပင်လယ်ပြင်၌ ငါးဖမ်းပိုက်ဖော်ရန် လှေ ၁ စီးဖြင့် သွားရောက်ခဲ့စဥ် မုန်တိုင်းမိ၍ လှေပျက်ကာ ပင်လယ်ထဲ မျောပါသွားခဲ့ခြင်းဖြစ်သည်ဟု သူတို့နှင့်နီးစပ်သူများက ပြောသည်။

သူတို့နှစ်ဦးအနက် ဦးမာမောက်ယာဆိမ်း(ခေါ်)ဘုတ်စတီသည် ရသေ့တောင်မြို့နယ် ဒုံးပိုက်ရွာအနီးပင်လယ်ပြင်တွင် မျောပါနေသည်ကို ယင်းနေ့ညနေက ရခိုင်ကျေးရွာသားများက မြင်၍ ကယ်ဆယ်ပေးနိုင်ခဲ့သည်ဟု သိရသည်။

အလားတူ ပင်လယ်ထဲမျောပါသွားခဲ့သည့် ဇာလာမတ်ကိုလည်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီးပင်လယ်ပြင်တွင် မျောလာသည်ကို အင်ဒင်ရခိုင်ရွာသားများကမြင်၍ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

သူတိူ့ ၂ ဦးအနက် ဦးမာမောက်ယာဆိမ်း(ခေါ်)ဘုတ်စတီကို ဒုံးပိုက်ရွာသားများက ယမန်နေ့ အောက်တိုဘာ ၂၅ ရက်၊ နံနက်တွင် နေရပ်သို့ ကောင်းမွန်စွာပြန်ပို့လိုက်ပြီဟုလည်း သိရသည်။

အုန်းတောချေကယ်ဆယ်ရေးခန်းတာဝန်ခံ ဦးဆာမိယာကလည်း "ဘုတ်စတီတော့ စခန်းကို ပြန်ရောက်နေပါပြီ။ ကျန်တဲ့တစ်ယောက်ကတော့ မရောက်သေးဘူး"ဟု နိရဥ္စရာကိုပြောသည်။

လက်ရှိတွင် အင်းဒင်ရွာသားများကယ်ဆယ်ထားသည့် ဇာလာမတ်ကိုလည်း နေရပ်သို့ ကောင်းမွန်ပြန်ပို့နိုင်ရေး ရွာသားများစီစဥ်နေကြည်သည်ဟု သိရသည်။

ဘင်္ဂလားပင်လယ်အော်ကိုဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဝင်ရောက်တိုက်ခတ်ခဲ့သည့် စီထရန်မုန်တိုင်း၏အရှိန်ကြောင့် စစ်တွေအပါအဝင် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်များတွင် လေပြင်းများတိုက်ခတ်ပြီး နေအိမ်အဆောင်အအုံများနှင့် သစ်ပင်များ ပြိုလဲပျက်စီးကာ ဆားငန်ရေဝင်ရောက်ခဲ့မှုတို့ကြောင့် အဆိုပါမြို့နယ်များရှိ စပါးဧက အများအပြားလည်း ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - ဒုံးပိုက်ရွာသားများ ကယ်ဆယ်ခဲ့ရသည့် ဦးမာမောက်ယာဆိမ်း(ခေါ်)ဘုတ်စတီအား တွေ့ရစဥ်။
Photo- APM

ဆက်စပ် သတင်းများ