စနေ၊ မေလ ၄ရက်၊ ၂၀၂၄

စစ်တွေတွင် ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ် ၃ဦးအထဲမှ နောက်ဆုံးကလေး၏အလောင်းကို ယနေ့တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.2k

နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပျောက်ဆုံးနေသည့် ကလေးသုံးယောက်ထဲမှ နောက်ဆုံးကျန်နေခဲ့သည့် မောင်အောင်လင်းသူ၏ ရုပ်အလောင်းကို ယနေ့မွန်းတည့် ၁၂ နာရီကျော်ခန့်က စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ရွာ၏ ဒီရေတောအနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါရှာဖွေတွေ့ရှိခဲ့သည့် အလောင်းသည် စစ်မြို့ပြည်တော်သာရပ်ကွက်မှ ပျောက်ဆုံးနေသည့် လေးတန်းကျောင်းသား မောင်အောင်လင်းသူ၏ အလောင်းဖြစ်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ အတည်ပြုပြောဆိုခဲ့သည်။

ရေနစ်ပျောက်ဆုံးနေသည့် မောင်ဇွဲဘုန်းခန့်နှင့် မောင်ဟိန်းထက်ဝင်းနိုင်တို့၏ အလောင်းများအား ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် စစ်တွေမြို့နယ် ကျေးတောရွာမအရှေ့ဘက်ချောင်းနှင့် ရွှေမင်းဂံ ရေတပ်စခန်းထဲမှ အသီးသီးရှာဖွေတွေ့ရှိခဲ့ပြီးနောက် မောင်အောင်လင်းသူအား ယနေ့အောက်တိုဘာလ ၂၇ ရက်နေ့တွင် ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းများက ငါးရက်တိုင်တိုင် နေ့ပါညပါအဆက်မပြတ် ရှာဖွေ့ခဲ့ကြပြီးနောက်ထ မောင်အောင်လင်းသူအား ယနေ့ မွန်းတည့် ၁၂ နာရီကျော်တွင် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်ရွာ၏ ဒီရေတောအနီးမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှ ထုတ်လွှင့်သည့် ရုပ်သံဖိုင်တွင် ဖော်ပြထားသည်။

၎င်းလေးတန်းကျောင်းသား ၃ ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက်၊ နံနက် ၁၁ နာရီခန့်ကပင် ၎င်းတို့နေအိမ်မှ ပြင်ပသို့ ကစားရန်ထွက်ခွာကြပြီးနောက်ပိုင်း ပွိုင့်ကမ်းခြေတွင် ရေနစ်ကာ  ပျောက်ဆုံးခဲ့သည်။

၎င်းကလေးငယ်များသေဆုံးမှုနှင့်ပတ်သက်၍လည်း စစ်တွေမြို့နေ လူထုတစ်ရပ်လုံးက ဝမ်းနည်း စိတ်မကောင်းဖြစ်ခဲ့ကြရပြီး ၎င်းကလေးငယ်များရေနစ်ခဲ့သည့်နေရာအား အန္တရာယ်ရှိသည့် နေရာအဖြစ်သတ်မှတ်ပြီး ရေးမကူးကြရန် တားမြစ်သတိပေး ဆိုင်းဘုတ်များ စိုက်ထူရန်ကိုလည်း ဒေသခံပြည်သူများက လိုလားလျက်ရှိနေကြသည်ဟု သိရသည်။ (NN-8)

ဆက်စပ် သတင်းများ