ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

ကျောက်တော်မြို့ စကခ(၉)ဂိတ်တွင် အချိန်ကြာကြီးစစ်ဆေး၍ကားများရာနှင့်ချီပြီးပိတ်မိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.7k

နိရဉ္စရာ၊ အောက်တိုဘာ၂၇/၂၀၂၂

ရခိုင်ပြည်၊ ကျောက်တော်မြို့၊ စကခ(၉) စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသည့် စစ်သားများက ကားများကို အချိန်အကြာကြီး စစ်ဆေးမှုများပြုလုပ်သောကြောင့် ယနေ့တွင် ရာနှင့်ချီရှိသည့်ကားများ ပိတ်နေခဲ့သည်ဟု သတင်းရရှိသည်။

ယနေ့ နံနက်က ကားပိတ်မိနေသည့် ဒေသခံတစ်ဦးက “ သူတို့က အလိုလို အချိန်ဆွဲပြီး ကားတွေကို စစ်ဆေးပါတယ်။ အဓိက ပညာပြတာပေါ့လေ။ မင်းတို့ ဘာတတ်နိုင်လည်းဆိုတဲ့ သဘောမျိုးပေါ့။ မနက်က ၈ နာရီက ဂိတ်ရှေ့ကို ရောက်တဲ့ ကားတွေကို တစ်နာရီလောက်ကြာမှ သွားခွင့်ပြုတယ်။ ကျနော်တို့ကား မနက် ၉ နာရီမှ ရောက်တာ ၁၀ နာရီ ၁၅ မိနစ်လောက်မှ ထွက်ခွင့်ရပါတယ်” ဟု ပြောသည်။

ထိုသို့ ကားများကို အချိန်ကြာကြီး စစ်ဆေးသဖြင့် စစ်တွေသို့ ဦးတည်ပြီးသွားသောကားများ၊ စစ်တွေမြို့မှ မြောက်ဦး၊ မင်းပြား၊ ရန်ကုန်၊ မန္တလေးသို့ ထွက်ခွာလာခဲ့သော ကားများမှာ စကခ(၉) ဂိတ်ရှေ့ တွင် တန်းစီကာ ပိတ်မိနေခဲ့သည်ဟု ဆိုသည်။

“ သူတို့က ဒီနေ့ အကုန်စစ်ပါတယ်။ ခရီးသည်တင်ကား၊ အိမ်စီးကား၊ တုတ်တုတ်၊ ကားအကြီး၊ အသေးက အစ စစ်ပါတယ်။  သူတို့ကလည်း ခရီးသည်တွေ ဒုက္ခရောက်မှာ မစဉ်းစားပါဘူး။ သူတို့အာဏာပြရဖို့၊ ပါဝါပြရဖို့ ဒီလောက်ဘဲစဉ်းစားတာပါ။ နေ့တိုင်း ဒီဒဏ်ကို ရခိုင်ပြည်သူတွေက ခါးစည်းခံနေကြရတာပါ”ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မလိုအပ်ဘဲ ကားများကို အချိန်ကြာကြီးစစ်ဆေးခြင်းကြောင့် ခရီးသည်တင်ကားများ၊ နယ်ဝေးသို့ သွားလာသည့် ကုန်တင်ကားများမှာ မလိုအပ်ဘဲ အချိန်ကြန့်ကြာသဖြင့် ပြည်သူများကို ထိခိုက်မှုဖြစ်သည်သာမက စီးပွားရေးအရ နစ်နာမှုများရှိကြောင်း ကားသမားများက ပြောသည်။

မြန်မာစစ်ကောင်စီတပ်သည် ရခိုင်ပြည်သူလူထုအားနည်းမျိုးစုံဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများကို ထိခိုက်အောင် တမင်ရည်ရွယ်ပြုလုပ်နေပြီး ယခုလုပ်ရပ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကျေညာစာတမ်း အပိုဒ် ၁၃ ကို ချိုးဖောက်ရာရောက်ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

လွတ်လပ်စွာခရီးသွားလာခွင့်ကို ပိတ်ပင်ခြင်းဟာ အပြည်ပြည် ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် ၁၃ ကို ချိုးဖေါက်ရာရောက်ပါတယ်။ ဒါလည်း လူ့အခွင့်အရေးကို ချိုးဖေါက်ရာရောက်တဲ့အတွက် သာမန် အရပ်သားခရီးသွားပြည်သူတွေကို ခုလိုမျိုး တားဆီးပိတ်ပင်တဲ့ လုပ်ရပ်မျိုးကို စစ်ကောင်စီအနေနဲ့ မပြုလုပ်သင့်ဘူးလို့ ပြောလိုပါတယ်ဟု ဦးမြတ်ထွန်းက ပြောဆိုသည်။

စစ်ကောင်စီသည် ရခိုင်ပြည်သူပြည်သားများကို ရက္ခိုင့်တပ်တော် (AA) ကို ထောက်ခံရကောင်းလားဟုဆိုကာ နည်းမျိုးစုံးဖြင့်  ဖိနှိပ်မှုများပြုလုပ်နေကြောင်း ရခိုင်နိုင်ငံရေးသမား မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက လည်း များမကြာမီက နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။   ( NN-20)


(ဓာတ်ပုံ- ယနေ့ နံနက်ပိုင်းက ကျောက်တော်စခက(၉) ရှေ့တွင် ကားများရာနှင့်ချီပိတ်မိနေသည်ကို တွေ့ရှိရစဉ်)

ဆက်စပ် သတင်းများ