စနေ၊ မေလ ၄ရက်၊ ၂၀၂၄

မောင်တောမြို့နယ်အင်းဒင်ရွာမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ရွာအနီးတောထဲသို့ ခြံစည်းရိုးတိုင်ခုတ်ရန်သွားရာမှ သုံးရက်ကြာပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

နိရဉ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၂

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ သက်ကြီးပိုင်းအမျိုးသားတစ်ဦးသည်  ရွာအနီးတောထဲသို့ ခြံစည်းရိုးတိုက်ခုတ်ရန် သွားရာမှ သုံးရက်ကြာပျောက်ဆုံးနေကြောင်း သိရသည်။

 

သုံးရက်ကြာပျောက်ဆုံးနေသူမှာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဦးမောင်သာစိန်ဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလ ၂၆ ရက်၊ နံနက် ၁၀ နာရီ ခန့်က တစ်နာရီနီးပါးကြာ သွားရသော တောထဲသို့ ခြံစည်းရိုးတိုင်ခုတ်ရန် သွားရာမှာပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။

 

"ကျနော်တို့ကတော့ အခြားတော့မထင်ပါဘူး။ ကျနော်တို့အဖေက အသက်အရွယ်လည်းကြီးနေပါပြီ။ တစ်ယောက်တည်း တောင်ကိုသွားတယ်ဆိုတော့ အန္တရာယ်အမျိုးမျိုးတော့ရှိတာပေါ့နော်။ သဘာဝဘေးကြောင့်လို့ပဲ ထင်ပါတယ်။ ဆင်တွေများတယ်၊ အခုကဆောင်းရာသီဆိုတော့။ ကျနော်တို့တွေ့တာကတော့ ခြံစည်းရိုးတိုင်ခုတ်သွားတဲ့ပုံစံတစ်ခုတော့ တွေ့ပါတယ်။ အဲဒါကို အခြေခံပြီးတော့ ရှာနေကြတာပါ။ ပျောက်သွားတဲ့နေ့ကနေ အခုထိဆက်တိုက်ရှာနေကြတာပါ" ဟု သားဖြစ်သူ ဦးမောင်သန်းနွယ်က နိရဉ္စရာသို့ပြောသည်။

 

အဆိုပါ ဦးမောင်သာစိန်သည် ငယ်ရွယ်စဉ်အခါက တောလိုက်မုဆိုးလည်း လုပ်ခဲ့ဖူးသဖြင့် တောကျွမ်းကျင်သည့် သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါဦးမောင်သာစိန် ပျောက်ဆုံးသွားသည်ကို သတိထားမိသည့်  အောက်တိုဘာလ ၂၆ ရက်၊ ညနေ လေးနာရီခန့်ကပင် ယနေ့အချိန်အထိ ရွာသား ၇၀၊ ၈၀တို့မှ ၎င်းအားရှာဖွေနေခြင်းဖြစ်ကြောင်း သိရသည်။

(NN-8)

 

ဓာတ်ပုံ - Zaw Min Tun facebook

ဆက်စပ် သတင်းများ