တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

မလေးရှားနိုင်ငံ ARRC ရုံးမှ ဖမ်းဆီးခံရသူ ၁၉ ဦးအထဲက အသက် ၁၅ နှစ်အရွယ်မိန်းခလေးငယ်တစ်ဦးမှအပ ကျန်လူများအားလုံးပြန်လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.6k

နိရဉ္စရာ၊ အောက်တိုဘာ ၂၈/၂၀၂၂

 

မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူရ်မြို့ရှိ ရက္ခိုင်လူမှုကယ်ဆယ်ရေး(ARRC)ရုံးမှ ဖမ်းဆီးခံထားရသူ ၁၉ ဦးအထဲမှ အသက် ၁၅ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးမှအပ ကျန်လူများအားလုံး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ARRC ရုံးမှ ကိုကျန်ကျောင်းက နိရဉ္စရာကို ပြောသည်။

 

"ဖမ်းဆီးခံရသူတွေအထဲက ပြန်လွတ်လာတာက အားလုံးပေါင်း ၁၈ ယောက်ပါ။ နောက် အသက် ၁၅ နှစ်အရွယ် မိန်းခလေးငယ် တစ်ဦးကျန်ခဲ့သေးတယ်"ဟု ပြောသည်။

 

ရက္ခိုင်လူမှုကယ်ဆယ်ရေးရုံး(ARRC)ကို အောက်တိုဘာ ၁၂ ရက်က မလေးရှားရဲများက ဝင်ရောက်ပြီး  လူပေါင်း (၁၉) ဦးကို ဖမ်းဆီးသွားခဲ့သည်။ ဖမ်းဆီးခံရသူများအထဲက  အောက်တိုဘာ ၂၆ ရက်နေ့ ညနေက ၁၁ ဦး၊ ၂၇ ရက်နေ့ ညနေက ၇ ဦး စုစုပေါင်း ၁၈ ဦးပြန်လည်လွန်မြောက်လာခဲ့သည်။

 

သို့သော်လည်း အသက် (၁၅) အရွယ် မိန်းခလေးငယ်တစ်ဦးကို မလွတ်မြောက်ဘဲ ကျန်ရှိနေသေးသည့်အတွက် ပြန်လည်လွတ်မြောက်အောင် UN နှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း သူက ဆက်ပြောသည်။

 

"သူက အသက်လည်း မပြည့်သေးသလို အထောက်အထားလည်း မရှိဘူး။ အဓိက အသက်မပြည့်တာနဲ့ ဆိုင်တယ်လို့ သိရပါတယ်။ သူ့ကိုလည်း ထောင်ဝင်စာတွေ့ဖို့ ရက်ချိန်းရတာနဲ့ သွားတွေ့ပြီး UN နဲ့ချိတ်ဆက်ပြီး အမြန်ဆုံးလွတ်အောင် လုပ်ပေးဖို့ UN ကိုလည်း တောင်းဆိုထားပါတယ်"ဟု ပြောသည်။

 

ယခုကဲ့သို့ ကောင်းကောင်းမွန်မွန်ပြန်လည် လွတ်မြောက်အောင် UN အပါအဝင် မလေးရှားမှ တိုင်းရင်းသားအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မလေးရှားနိုင်ငံရှိ ရက္ခိုင်လူမှုကယ်ဆယ်ရေး (ARRC) အဖွဲ့သည် မလေးရှားနိုင်ငံရောက် ရခိုင်ရွေ့ပြောင်းလုပ်သားများအတွက် လူမှုရေး၊ ကျန်းမာရေး နှင့်  နာရေးကိစ္စများအပြင် ဖမ်းဆီးခံရသူများ၊ ဒုက္ခရောက်နေသူများအရေးကိုပါ ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။(NN-7)

ဆက်စပ် သတင်းများ