တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

မောင်တောမြို့ အင်းဒင်ကျေးရွာမှ ပျောက်ဆုံးနေသည့်သက်ကြီးပိုင်းအမျိုးသားကို ပြန်ရှာတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.8k

နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၂

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှ ၄ ရက်ကြာ ပျောက်ဆုံးနေသည့် သက်ကြီးပိုင်းအမျိုးသားကို ယနေ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီဟု သတင်းရရှိသည်။

 

သုံးရက်ကြာပျောက်ဆုံးနေသူမှာ မောင်တောမြို့ နယ် အင်းဒင်ကျေးရွာမှ အသက် ၆၈ နှစ်အရွယ် ဦးမောင်သာစိန်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ၂၆ ရက်၊ နံနက် ၁၀ နာရီ ခန့်က တောထဲသို့ ခြံစည်းရိုးတိုင်ခုတ်ရန်သွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

"သူက တောထဲသွားရင်း လမ်းမှားပြီးတော့ ပျောက်နေပုံရတယ်။ အခုလည်း အဲ့ဒီဦးလေးက လမ်းလျှောက်နိုင်တော့လို့ ကားနဲ့တင်ယူဖို့ ရွာကထွက်သွားကြတယ်။ အသက်လည်းကြီးပြီ ပျောက်နေတာလည်းသုံးရက်ရှိပြီဆိုတော့ အစာရေစာငတ်ပြီး တောထဲမှာလဲနေတာကို တောထဲသွားတဲ့ ခမီလူမျိုးနှစ်ယောက်ကတွေ့တာလို့  သိရတယ်။ အသက်ရှူလည်းကျပ်နေတယ်လို့ ပြောကြတယ်။ အခုတော့ ဘေးကင်းကင်းနဲ့ အိမ်ပြန်ရောက်နေပါပြီ" ဟု အင်းဒင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

 

ယနေ့အောက်တိုဘာလ ၂၉ရက်၊ နေ့လယ် ၁နာရီကျော် အချိန်တွင် စေတီပြင်တောင်ကျော်လမ်းအနီးရှိ ခမီကျေးရွာသား နှစ်ယောက်က တောထဲသွားရာမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

အဆိုပါ ဦးမောင်သာစိန်သည် ငယ်ရွယ်စဉ်အခါက တောလိုက်မုဆိုးလည်း လုပ်ခဲ့ဖူးသဖြင့် လမ်းကျွမ်းကျင်သူတစ်ဦးဖြစ်သော်လည်း အသက်အရွယ်ကြီးရင့်လာသဖြင့် ယခုလို တောတောင်ထဲတွင် လမ်းပျောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါဦးမောင်သာစိန် အောက်တိုဘာလ ၂၆ ရက်နေ့က သစ်ခုတ်သွားရာမှ အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးသွားခဲ့သဖြင့် ရွာသား ၇၀၊ ၈၀တို့က နေ့စဉ်နေ့တိုင်း တောနင်းရှာဖွေမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(NN-12)


(ဓာတ်ပုံ- ၄ ရက်ကြပျောက်ဆုံးနေရာမှ ပြန်လည်ရှာတွေ့သူ ဦးမောင်သာစိန်ကို အင်းဒင်ရွာသာများဝိုင်းအုံကြည့်နေကြစဉ်)

ဆက်စပ် သတင်းများ