သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

စက်လှေပိုင်ရှင် ၉ဦး ပြည်တွင်း ရေကြောင်းသွားရေယာဥ် ဥပဒေပုဒ်မ(၄၃)ဖြင့် အမှုဖွင့်ခံထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ၊ အောက်တိုဘာ ၂၉/ ၂၀၂၂

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊အမြင့်ကျွန်း မင်းချောင်းတံတားအောက်တွင် ဖမ်းဆီးခြင်းခံရသည့် စက်လှေပိုင်ရှင် ၉ဦးကို ပြည်တွင်းရေကြောင်းသွားရေယာဥ် ဥပဒေပုဒ်မ ၄၃ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

 

ဖမ်းဆီးခံရသည့် စက်လှေများမှာ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်သို့သွားသည့် ကုန်ပစ္စည်းများ တင်ပို့သည့် စက်လှေများဖြစ်ကာ ရေချမ်းပြင်၊ သင်းပုန်းတန်း၊ စေတီပြင်၊ရသေ့တောင်၊ မန်းကျည်းချောင်း၊အမြင့်ကျွန်းစသည့် ကျေးရွာများမှ စက်လှေပိုင်ရှင်များဖြစ်သည်ဟု သိရသည်။

 

"ကျွန်တော်တို့ကို ဖမ်းတာကတော့ ၁၂ရက်နေ့ကဖမ်းတယ်။ ၁၀ ရက်အကြာအောက်တိုဘာလ ၂၂ရက်နေ့မှာ ရဲအာမခံနဲ့ ပြန်လွတ်ပေးခဲ့တယ်။ ပြီးတော့ အမြင့်ကျွန်းရဲစခန်းက တရားလိုလုပ်ပြီးတော့ ပြည်တွင်း ရေကြောင်းသွားရေယာဥ် ဥပဒေပုဒ်မ ၄၃နဲ့ အမှု ဖွင့်ခံရတာပါ" ဟု ဖမ်းဆီးခံရာ၌ ပါဝင်ခဲ့သူ စက်လှေပိုင်ရှင်တစ်ဦးကပြောသည်။

 

အဆိုပါစက်လှေပိုင်ရှင်များမှာ ပြီးခဲ့သည့်အောက်တိုဘာလ ၁၂ရက်နေ့၊ ညနေ ၅နာရီအချိန်ခန့်တွင် စစ်တွေမြို့နယ်၊ အမြင့်ကျွန်းရွာအနားရှိ မင်းချောင်းတံတားအောက်တွင်  ဆိုက်ကပ်ထားစဉ် စစ်ကောင်စီတပ်နှင့်ရဲသားများက စစ်ကား ၄စီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်သည်။

 

ဖမ်းဆီးပြီးနောက်  စက်လှေများကို ရေချမ်းပြင်ဆိပ်ကမ်းသို့ယူဆောင်သွားကာ စက်လှေပိုင်ရှင်များကို စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်း သို့ခေါ်ယူသွားပြီး ၁၀ ရက်ခန့် ထိမ်းသိမ်း ခံခဲရကြီး စက်လှေများကိုလည်း သိမ်းဆည်းထားသည်ဟု သိရသည်။

 

"ကျွန်တော်တို့က စစ်တွေကို အမြဲသွားလာနေကျပါ။ မြို့ထဲဝင်ခွင့်ပိတ်တော့ အမြင့်ကျွန်း၊ မင်းချောင်း တံတားအောက်  ကုန်သယ်၊ကုန်ချအဆင်ပြေတယ်။ သူတို့တွေ (စစ်သားတွေ) အရင်ကလည်း မကြာမကြာ ရောက်တယ်။ ရောက်တာ ၃ကြိမ်လောက်ရှိပြီ မဖမ်းဘူး။ အဲ့နေ့က ဖမ်းတာ။ တာဝန်အရ လုပ်ရတာလို့ပြောတယ်။ ကျွန်တော်တို့ကလည်း အရင်တုန်းက ဘာမှမပြောလို့ နားလည်မှုနဲ့ အဲ့နားကကုန်ချ ကုန်သယ် လုပ်နေကြတာ။ မချနဲ့လို့မပြောဘူး။ အဲ့နေ့ကမှ ဒီအတိုင်းလာဖမ်းတာ။ အခု စက်လှေတွေကိုလည်း သိမ်းထားတယ်။ ပြန်မပေးသေးဘူး" ဟု ဖမ်းဆီးခံရသည့် စက်လှေပိုင်ရှင်တစ်ဦးက ပြောသည်။

 

ယခုစက်လှေများသည် တရားမဝင် ဥပဒေနှင့် မကင်းလွတ်သော ပစ္စည်းများကို တင်ပို့နေသော စက်လှေများမဟုတ်သလို စက်လှေများမှာလည်း အစိုးရဆီကို အခွန်ဆောင်ပြီး လိုင်စင်အသီးသီးရှိသော စက်လှေများဖြစ်ကြသည်ဟု သိရသည်(NN-12)

ဆက်စပ် သတင်းများ