စနေ၊ မေလ ၄ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်တွေဒေသခံ ၅ ဦး ၁၇ ရက်ကြာသည့်တိုင် မိသားစုနှင့် အဆက်အသွယ်မရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၂

စစ်တွေမြို့၊ နာဇီရွာ၊ စက်ရုံစုစစ်ဘေးရှောင်အကွက်မှ ဒေသခံ ၅ ဦးကို အောက်တိုဘာ ၁၃ရက် ညည့်အချိန်က စစ်ကောင်စပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး   ရက် ကြာ ယနေ့ အချိန်ထိ အဆက်အသွယ်မရရှိသေး၍ စိုးရိမ်နေကြောင်း မိသားစုများက ပြောသည်။

ဖမ်းဆီးခံလိုက်ရသူများမှာ စစ်တွေမြို့၊ နာဇီရွာ၊ စက်ရုံစု၊ စစ်ဘေးရှောင်အကွက် (၂) တွင်နေထိုင်သည့် ဦးအောင်သန်းဝင်း၊ ဦးသန်းကျော်လွင် (၄၀)နှစ်၊ ဦးထွန်းဝင်းနိုင် အသက် (၃၀)နှစ်၊ ဦးခင်မောင်ကျော် (၅၃)နှစ် နှင့် စစ်တွေမြို့နယ် ရွာသာယာကျေးရွာမှ ဦးမောင်သန်းဌေးတို့ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးအထဲက ဦးသန်းကျော်လွင်နှင့် ဦးအောင်သန်းဝင်းတို့ နှစ်ဦးကို အောက်တိုဘာ ၁၃ရက်က ညဉ့်အချိန်၌ ရပ်ကွက်တွင်ရှိသည့် ဘုန်းကြီးကျောင်းတွင်အိပ်နေစဥ် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဦးသန်းကျော်လွင် ဇနီးဖြစ်သူက နိရဉ္စရာ သတင်းဌာနကို ြောသည်။

" ကျွန်မအမျိုးသားနဲ့ အောင်သန်းဝင်း နှစ်ယောက်က ရပ်ကွက်က ဘုန်းကြီးကျောင်းမှာအိပ်ပါတယ်။ ဘုန်းကြီးကျောင်းမှာ အိပ်နေစဥ် မြန်မာစစ်တပ်နဲ့ ALP အဖွဲ့တို့ ပူးပေါင်းပြီး အင်အား ၅၀ ခန့်က  အဲ့ဒီကျောင်းကို ဝိုင်းပြီးတော့ ညည့်အချိန် ၁၁နာရီ ခွဲက ဖမ်းသွားတာပါ။ သီးသန့်ထောက်လှမ်းရေး ပါမှာပေါ့။ အခုအချိန်ထိလုံးဝသတင်းအစအနမရသေးပါဘူး။ ဘယ်မှာရှိနေတယ်ဆိုတာကိုလည်း သိချင်ပါတယ်" ဟုပြောသည်။

အဆိုပါနေ့ ညည့်အချိန်က ဦးခင်မောင်ကျော်နေအိမ်ကိုလည်း စစ်ကောင်စီတပ် အင်အား ၂၀ ကျော်ခန့်က ဝင်ရောက်ပြီး ဦးခက်မောင်ကျော်အား ရိုက်နှက်ပြီးခေါ်ဆောင်သွားပြီး၊ ဖုန်း ၂လုံးနှင့် အိမ်မွေးကြက် ၂ကောင်ကိုလည်း ဖမ်းယူသွားခဲ့သည်ဟု ဇနီးဖြစ်သူကပြောသည်။ 

" ညည့် ၁၁နာရီလောက်မှာ ကျွန်မတို့အိမ်ပေါ်ကို တက်လာပြီးတော အိမ်တံခါးတွေကို သေနတ်နဲ့ ထုပြီးဖျက်ဝင်လာကြပါတယ်။ အိမ်ထဲက တံခါးတွေကိုလည်း ကန်ကျောက်လို့ဝင်လာပြီးဖမ်းတာပါ။ ကျွန်မနဲ့သမီးတွေကိုလည်း တွန်းကန်ပြီးဝင်ပါတယ်။ ကျွန်မအမျိုးသားက ကျန်းမာရေးလည်း မကောင်းပါဘူး။ သူတို့ ရိုက်နှက်ပြီး ခေါ်သွားတာပါ။ စစ်တပ်နဲ့ ALPတို့ပူးပေါင်းပြီး အင်အား ၂၀ ကျော်ခန့် ပါပါတယ်။ ကျန်းမာရေးလည်း မကောင်းတော့ အမြန်ဆုံးအိမ်ကို ပြန်ရောက် စေချင်ပါတယ်။ ကျွန်မ အမျိုးသားဖုန်းနဲ့သမီးဖုန်း  ဖုန်း ၂ လုံးစလုံးယူသွားပါတယ်။အိမ်က ကြက် ၂ကောင်လည်း ပိုက်ဆံတပြားမှ မပေးဘဲ ဖမ်းယူသွားပါတယ်" ဟုပြောသည်။

၎င်းအတူ နာဇီရွာ၊စက်ရုံစု၊စစ်ဘေးရှောင် အကွက် (၂)က ဦးထွန်းဝင်းနိုင်ကိုလည်း ညည့်အချိန် ၁၁နာရီခန့်တွင် နေအိမ်ကိုဝင်ရောက်ပြီး စစ်တပ်က အကြောင်းပြချက်မရှိ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင့် ဦးထွန်းဝင်းနိုင်ဇနီးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

စစ်သားတွေနဲ့  ALP  ကလူတွေ ညည့် ၁၁နာခွဲလောက်က အိမ်ကိုကန်ကျောက်ပြီးဝင်လာပါတယ်။ ကျွန်မတို့ကိုအိပ်နေတဲ့နေရာက ဆွဲချပြီး ကျွန်မကိုလည်းရိုက်ပါတယ်။ကျောကုန်းကိုလည်းကန်ပါတယ်။ လည်ဂုတ်ကိုလည်း ဖိနပ်စီးထားတဲ့ခြေထောက်နဲ့ နင်းထားပါတယ်။ ပြီးရင်အိမ်ပေါ်က အိုး၊ခွက်၊ ဆန်ထုပ်၊ ပစ္စည်းတွေကို အားလုံးကို မွှေပြီးဖြိုဖျက်သောင်းကျန်းသွားပါတယ်။ ပြီးရင် အမျိုးသားကိုလည်း သေနတ်နဲ့ ကျာကုန်းနဲ့ ရင်ဝကို ထုရိုက်ပြီးတော့ နောက်ပြန် လက်ထိတ်ခတ်ပြီး ဖမ်းသွားပါတယ်။ ကျွန်မအမှာ ကိုယ်ဝန်နဲ့မို့လို့ လုပ်မစားနိုင်ပါဘူး။ သူလုပ်ကျွေးနေတာပါ။ အမျိုးသားကို ဘယ်မှာ ဖမ်းထားလဲဆိုတာလည်းသိချင်ပါတယ်။အမြန်ဆုံး အိမ်ကို ရောက်စေချင်ပါတယ် " ဟုပြောသည်။

ယခုဖမ်းဆီးမှုတွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ  (ALP) မှ တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း အမျိုးသမီး ၃ ဦးစလုံးက ပြောဆိုသဖြင့် ALP ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး ကျော်ဇောကို ဆက်သွယ်မေးမြန်းရာ  သူတို့တပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီနှင့် ယခုလို လုပ်ရပ်မျိုး ပူးပေါင်းလုပ်ဆောင်ခြင်း မရှိကြောင်းနှင့် ALP ကိုနာမည်ဖျက် အပုတ်ချလို၍ ပြောဆိုခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ အခုအချိန်ထိ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတာမရှိသေးပါဘူး။ ဒီဒေသခံ ၅ယောက်ကို ဖမ်းဆီးထားတာလည်း ပါဝင်ဆောင်ရွက်တာ မရှိပါဘူး။ သက်သက် ကျွန်တော်တို့ ပါတီကို နာမည်ဖျက်  အပုတ်ချချင်တဲ့အတွက် စိတ်အထင်နဲ့ ပြောဆိုတာဖြစ်ပါတယ်။ ဒီလို မတရားသဖြင့် စွပ်စွဲမှုတွေ မကောင်းပါ။ ကျွန်တော်တို့က ပြည်သူတွေကို မိဘနေရာမှာထားပြီး၊ တပ်ဖွဲ့တွေကို သားသမီးနေရာမှာထားထားတာပါ " ဟု နိရဉ္စရာကို ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၅ ဦးနှင့် ပတ်သက်ပြီး စစ်တွေအမှတ်(၁) ရဲစခန်းကို ဆက်သွယ်၍ မရသလို ပြည်နယ်ရဲမှူးကြီး သက်လွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ၅ဦးနှင့် မိသားစုဝင်များမှာ တစ်စုံတစ်ရာ သတင်းအစအန မရရှိသေးသောကြောင့် အလွန်စိုးရိမ်မှုများရှိနေကြပြီး၊ ပြန်လည်လွှတ်ပေးရန် မိသားစုများကတောင်းဆိုနေကြသည်။ (NN-13)

ဆက်စပ် သတင်းများ