- Web Master
- ၃၀ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ရုပ်သားရွာ ဘုန်းတော်ကြီးကျောင်းကို ယနေ့ နေ့လယ်က စစ်ကောင်စီတပ်က ဒရုန်းဖြင့်ပစ်ခတ်ခဲ့သဖြင့် အပျက်အစီးတချို့ရှိကြောင်း သတင်းရရှိသည်။
ဒရုန်းလွှတ်ပစ်ခတ်မှုကို ယနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ် ၂ နာရီခန့်က ပြုလုပ်ခဲ့ပြီး ကျောင်းခေါင်းမိုးအပါအဝင် အပျက်အစီးတချို့ရှိခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦးကပြောသည်။
"ကျောင်းမှန်းကန်မှန်းမသိ ယုတ်မာလာကြတာပါ။ ဘုန်းတော်ကြီးကျောင်းကို တမင်တကာ ရည်ရွယ်ချက်ရှိရှိပစ်တာပါ။ လက်နက်ကြီးပစ်တာက မတော်တဆရှိအုံးမယ်။ အခုက ဘာတိုက်ပွဲမှ မရှိဘဲ ဒရုန်းနဲ့ တမင်လာပစ်တာပါ။ ဘုန်းတော်ကြီးကျောင်းပျက်စီးမှုများရှိပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဒရုန်းကို ကျာက်တော်အခြေစိုက် စစ်ကောင်စီတပ် စကခ (၉)မှ လွှတ်တင်ကာပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနားကျေးရွာသားများက ပြောသည်။
ပစ်ခတ်သည့် အချိန်တွင် ကျေးရွာသားများမှာ ရွာကိုစွန့်ခွာထွက်သွားခဲ့ကြပြီဖြစ်သဖြင့် လူကိုတစ်စုံတစ်ရာထိခိုက်မှုမရှိကြောင်း သိရသည်
ရုပ်သားရွာနှင့် အနီးအနားရှိ နာဂရာကျေးရွာများကို စကခ(၉) က နေ့စဉ် လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များကျကာ လူထိခိုက်သေဆုံးမှု၊ ဒဏ်ရာရမှုများ နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီးနောက် ကျေးရွာသားများမှာ ကျောက်တော်ရှိ စစ်ရှောင်စခန်းများနှင့် နီးစပ်ရာကျေးရွာများတွင် စစ်ရှောင်နေကြရသည်မှာ တစ်လခန့်ရှိပြီဟု ရုပ်သားရွာသူတစ်ဦးက ပြောသည်။(NN-7)