- Web Master
- ၃၀ နိုဝင်ဘာ ၂၀၂၃
နိရဉ္စရာ၊ အောက်တိုဘာ ၂၉/၂၀၂၂
မောင်တောမြို့နယ်၊ သာစည်တွင် ဇရပ်ပေါ် စုဝေးစကားပြောနေကြသည့် ကျေးရွာသား ၆ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၉ ရက် နေ့လယ်က သေနတ်ထောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်း ရွာသား ၆ ဦးသည် နေ့လယ် ၂ နာရီကျော်တွင် သာစည်ကျေးရွာဇရပ်တွင် လေညှင်းခံကာ စုဝေးထိုင်ကာ စကားပြောနေကြစဉ် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး လူစုလူဝေး ပြုလုပ်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"လူစုလို့ ဖမ်းတယ်လို့ ပြောပါတယ်။ ရွာမှာ ဇရပ်ရှိပါတယ်။ အဲ့ဒီမှာ နေ့လယ်ပိုင်းဆိုရင် ရွာသားတွေက ပုံမှန်လည်း လေညှင်းခံကြတယ်။ ပြောဆိုပြီးနေကြပါတယ်။ နေ့တိုင်းနေကြတာပါ။ ဒီနေ့မှ ၃ မိုင်စခန်းကလို့သိရတယ်။ သေနတ်ထောက်ပြီးဖမ်းသွားတာပါ။ အဖမ်းခံရသူ အားလုံးက သက်ကြီးပိုင်းတွေပါ။ လူလတ်ပိုင်းက ကျောင်းဆရာတစ်ယောက်ပဲ ပါတယ်" ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဦးမောင်လှစိန်၊ ဦးကျော်စိုးမိုး၊ ဦးကျန်ဝင်း၊ ဦးမောင်သာနု၊ ဦးအေးစိန် နှင့် နောက်ထပ်ကျောင်းဆရာတစ်ဦးတို့ ဖြစ်ကြသည်။
ယခုကဲ့သို့ ဖမ်းဆီးခြင်းမှာ ကိုယ့်ရပ်ရွာထဲတွင်ပင် လွတ်လပ်စွာသွားလာနေထိုင်ခွင့်မရှိတော့ဘဲ စိုးရိမ်ကြောင့်ကြစွာနေထိုင်နေရသည့် အနေအထားဖြစ်နေကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။
လက်ရှိ ရခိုင်မှာ ဒေသခံအများအပြား နေ့စဉ်ဖမ်းဆီးခံနေရပြီး လူမှုရေးလှုပ်ရှားသူများ၊ ပရဟိတသမားများ နှင့် ဆရာတော်၊ သံဃာတော်များကိုပါ စစ်ဆေးဖမ်းဆီးခြင်းတို့ကြောင့် ရှောင်တိမ်းနေကြရပြီး ဖမ်းဆီးခံထားရသူလည်း ရာချီရှိနေပြီဖြစ်ကြောင်း သိရသည်။ (NN-7)