ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

စစ်တွေတွင် ကင်းလှည့်နေသည့်စစ်သားများက လူငယ်တစ်ဦးကိုသံတုတ်ဖြင့်ရိုက်၍ ဆေးရုံတင်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အငြိမ်းစားယူထားသည့် ရဲတပ်ဖွဲ့ဝင်၏ သားဖြစ်သူလူငယ်တစ်ဦးကို စစ်ကောင်စီတပ် စစ်သားများက ဦးခေါင်းကို သံတုတ်ဖြင့်ရိုက်သဖြင့် ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက် အကွက်(၃)မှ ရဲအငြိမ်းစား ဦးကျော်လှမောင်  သား မောင်ညီချေ (၂၅) နှစ်ြစ်ကြောင်း သိရသည်။

၎င်းမောင်ညီချေသည် ယမန်နေ့အောက်တိုဘာလ ၂၉ရက်နေ့၊ ည၁၁နာရီအချိန်ခန့်တွင် အရက်မူးပြီး အိမ်ပြန်လာနေသည်ကို ညအချိန် ရပ်ကွက်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်သားတို့က ကားပေါ်မှဆင်းကာ သံတုတ်ဖြင့် ဦးခေါင်းကို ၂ချက်ရိုက်နှက်ခဲ့ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"သူက အရက်နည်းနည်းမူးနေတယ်လို့တော့သိရတယ်။ အိမ်ပြန်လာတာ။ လမ်းမှာ ရပ်ကွက်ထဲကို ကင်းလှည့်လာတဲ့ စစ်ကားနဲ့တွေ့ပြီးတော့ ဘာတွေဖြစ်ကြတယ်တော့မသိဘူး။ ဦးခေါင်းကို သံတုတ်နဲ့ ၂ချက်ရိုက်ခံရတယ်လို့တော့ သိရတယ်။ ရိုက်ခံရပြီး အရက်ကလည်းမူးနေတော့ သတိလစ်သွားတယ်" ဟု ဆင်ကူးလမ်းရပ်ကွက်မှ ပြောသည်။

သံတုတ်ဖြင့်အရိုက်ခံရ၍ ဒဏ်ရာပြင်းထန်သဖြင့်  စစ်တွေဆေးရုံကြီးသို့ ညတွင်းချင်းပင် အရေးပေါ် ပို့ဆောင်လိုက်ရသည်ဟုလည်း သိရသည်။

လက်ရှိတွင် သတိပြန်လည်ရရှိနေပြီဟု မိသားစုဝင်တစ်ဦးက ပြောဆိုသည်။ မောင်ညီချေသည် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးဖြစ်ကြောင်း သိရသည်။(NN-12)

ဆက်စပ် သတင်းများ