Preview

ဘူးသီးတောင်မြို့မှ နေအိမ်များဖယ်ရှားပေးထားရသည့် စစ်ဘေးရှောင် (၂၀၀)ခန့်မှာနေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :8426
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၁/၂၀၂၂

ဘူးသီးတောင်မြို့မှနေအိမ်များဖယ်ရှားပေးထားရသည့် စစ်ဘေးရှောင်(၂၀၀)ခန့်မှာ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့၊ရန်အောင်မြေဘုန်းတော်ကြီးကျောင်းအရှေ့တွင် ခိုလှုံနေထိုင်နေကြရသည့် စစ်ဘေးရှောင်များကိုအောက်တိုဘာလနောက်ဆုံးထားဖယ်ရှားပေးရန်နှင့် လက်ရှိနေထိုင်သည့်နေရာမှာ တပ်ပိုင်မြေဖြစ်၍မဖယ်ရှားပေးပါက ကျူးကျော်အဖြစ် သတ်မှတ်အရေးယူမည်ဟုတာဝန်ခံများကို သတိပေးခြိမ်းခြောက်ထား၍ ယမန်နေ့ အောက်တိုဘာ ၃၁ ရက်က နေအိမ်များကို ဖယ်ရှားပေးခဲ့ကြရကြောင်းရန်အောင်မြေစစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

"သူတို့ကဘုန်းကြီးကျောင်းမှာ မဆံ့လို့ အဲ့ဒီမှာ ဆောက်လုပ်နေကြတာ ၃ နှစ်ကျော်ပါပြီ။ အောက်တိုဘာမှာနေရပ်ပြန်ရမယ်၊ နေရာဖယ်ပေးရမယ်၊ မဖယ်ပေးရင် ကျူးကျော်အဖြစ် သတ်မှတ်မယ်ဆိုပြီးပြောထားလို့ကြောက်ပြီး အခုလို အိမ်တွေဖြိုပြီး နေရာဖယ်ပေးကြတာပါ" ဟု ပြောသည်။

အောက်တိုဘာလလယ်ခန့်က နေရပ်ပြန်ရန် စကစတပ်နှင့် ထွေ/အုပ်က ခေါ်ယူသတိပေးမှုများရှိခဲ့ပြီး လက်ရှိမှာစစ်ရှောင်များက ကြောက်လန့်ကာ နေအိမ်များကိုဖြိုဖျက်ပြီး ရန်အောင်မြေ စစ်ရှောင်စခန်းတွင် ဖြစ်သလိုနေထိုင်နေရသည့်အတွက်နေထိုင်စားသောက်ရေးအခက်အခဲဖြစ်နေပြီး အကူအညီလိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

"အခုတော့ရွာကိုပြန်တဲ့သူတွေရဲ့ အိမ်အလွတ်တွေမှာ အရေးပေါ်ဝင်နေကြပါတယ်။ ဒါပေမယ့် အဆင်မပြေကြပါဘူး။စာသင်ကျောင်းမှာလည်း နေရာလေးတွေချပြီး နေနေကြပါတယ်"ဟု ပြောသည်။

လက်ရှိနေအိမ်ဖြိုဖျက်ကာ နေရာဖယ်ရှားပေးထားရသည့် စစ်ဘေးရှောင်နေအိမ် (၅၆)လုံးရှိပြီး လူဦးရေ(၂၀၀) ခန့်ရှိကြောင်း သိ၇သည်။

အဆိုပါစစ်ဘေးရှောင်များသည် ဘူးသီးတောင်မြို့နယ်မှ ပြီးခဲ့သည့် ၂၀၁၈/၂၀၁၉ ခုနှစ်ကတည်းက စစ်ဘေးဒဏ်ကြောင့်ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်ရန် ထွက်ပြေးလာရသူများဖြစ်ပြီး ရန်အောင်မြေဘုန်းတော်ကြီးကျောင်းတွင်နေရာမဆံ့၍ ကျောင်းအရှေ့နေရာလွတ်တွင် နေအိမ်များဆောက်လုပ်ခိုလှုံခဲ့ကြရသူများဖြစ်ကြောင်းသိ၇သည်။

လက်ရှိဘူးသီးတောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏရှိနေပြီး နေ့စဉ်လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှုများရှိနေချိန်တွင် ယခုကဲ့သို့ နေရပ်ကို အတင်းအကျပ်ပြန်ခိုင်းနေ၍များစွာအခက်အခဲဖြစ်နေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။

"ကျနော်တို့ကကိုယ့်နေရပ်လည်း မပြန်ရဲပါဘူး။ တိုက်ပွဲတွေလည်း နေ့စဉ်ဖြစ်နေတယ်။ လက်နက်ကြီးတွေလည်းဆက်တိုက်ပစ်တာတွေရှိတယ်။ သေကြတာတွေတောင်ရှိနေတာ အားလုံးအသိပါ။ ကျနော်တို့လည်း ပြန်ရမှာကြောက်ပါတယ်။ အခု ဘူးသီးတောင်မှာလည်း မနေရဘူးဆိုတော့ ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး"ဟုစစ်ရှောင်တစ်ဦးက ပြောသည်။

လက်ရှိရခိုင်မှစစ်ဘေးရှောင်များသည် အစိုးရ၏ ရိက္ခာထောက်ပံ့မှုပုံမှန်မရရှိခြင်း၊ လူသားချင်း စာနာထောက်ထားမှုအကူညီပေးနေသည့်NGO/INGO များကိုသွားရောက်လှူဒါန်းခွင့် ပိတ်ပင်မှုများကြောင့် နေထိုင်စားသောက်ရေး အခက်အခဲများကို ရင်ဆိုင်နေကြ၇ခြင်းဖြစ်သည်။

စစ်ကာင်စီအနေနှင့်စစ်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့်စစ်ဘေးရှောင်များအား ထောက်ပံ့ကူညီမှုမပေးသည့်အပြင်စစ်ပွဲကာလအတွင်း နေရပ်သို့အတင်းအကျပ်ပြန်ခိုင်းကာ ယခုကဲ့သို့ ခြိမ်းခြောက်မှုများသည်လူမဆန်သည့်လုပ်ရပ်ဖြစ်ကြောင်း ရခိုင်က လှုမှုရေးလှုပ်ရှားသူများက ပြောသည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.