Preview

စားနပ်ရိက္ခာကူညီထောက်ပံ့ပေးမှုကို စစ်ကောင်စီကတားမြစ်ထား၍ မြောက်ဦးမြတန်းဆောင်စစ်ရှောင်စခန်းတွင် ဆန်ပြတ်လပ်နေကာ ငတ်နေသူများလည်းရှိနေဟုဆို

နိုဝင်ဘာ ၀၆/ ၂၀၂၂ | ကြည့်ရှုသူ :2363
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ /၂၀၂၂

၇ခိုင်ပြည်နယ်၊မြောက်ဦးမြို့၊ညောင်ပင်ဈေးရပ်ကွက်ရှိ စစ်ဘေးရှောင်၁၀၀၀ ကျော်ရှိသည့်  မြတန်းဆောင်စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာကူညီထောက်ပံ့မှုမ၇၍ ဆန်အပါအဝင်ရိက္ခာများပြတ်လပ်နေကာ၊ ထမင်းငတ်နေသူများလည်းရှိနေပြီဟုသတင်းရရှိသည်။

"အခြေအနေကတော့တစ်ချို့ငတ်ကြတယ်။ အားလုံးကအဆင်မပြေဘူး။ သုံးလေးငါးထပ် ငတ်တဲ့သူတွေလည်းရှိတယ်။တစ်နပ်စာကို တစ်ရက်စာလုပ်ပြီးစားသောက်နေကြတဲ့ သူတွေလည်းရှိတယ်။သားသမီးတွေကိုကျွေးပြီး မိဘတွေက အငတ်ခံနေကြတာတွေလည်းရှိတယ်" ဟု မြတန်းဆောင်စစ်ဘေးရှောင်စခန်းတာဝန်ခံတစ်ဦးကပြောသည်။

စစ်ဘေးရှောင်များမှာနိုင်ငံတကာလူမှုအဖွဲ့အစည်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် အလှူရှင်များ ကူညီထောက်ပံ့ကြသည့် စားနပ်ရိက္ခာများကိုမှီခိုရပ်တည်နေကြသူများဖြစ်ကြပြီး စစ်ကောင်စီက စားနပ်ရိက္ခာကူညီထောက်ပံ့ပေးမှုကိုတားမြစ်ထား၍ ယခုလို အငတ်ဘေးကျရောက်နေကြရသည်ဟု သိ၇သည်။

ယင်းအပြင်း မြောက်ဦးမြို့ပေါ်တွင်  မထင်ရင်မထင်သလို ဖမ်းဆီးမှုများလည်းရှိသည့်အတွက်စစ်ဘေးရှောင်များမှာ အပြင်ထွက်ပြီးအလုပ်လုပ်ရန်အဆင်မပြေခြင်း၊  အလုပ်အကိုင်ရှားပါးခြင်းနှင့် အတူ ကုန်ဈေးနူန်းလည်း အဆမတန်မြင့်တက်လာခြင်းတို့ကြောင့် ဝင်ငွေမရှိ၊စားနပ်ရိက္ခာများပြတ်ကာ ခက်ခဲငတ်ပြတ်နေကြခြင်းဖြစ်သည်ဟုလည်း စခန်းတွင် ခိုလှုံနေသူ တစ်ဦးက ပြောသည်။

"ငတ်နေကြတာတော့မကြာသေးဘူး။ တစ်ရက် နှစ်ရက်လောက်ရှိနေပြီ။ လက်ရှိမှာ မရှိတဲ့သူကရှိတဲ့သူဆီကချေးယူပုံစံမျိုးလုပ်နေကြတယ်။ မေတ္တာရပ်ခံချင်တာကတော့ အန်ဂျီအိုတွေ နိုင်ငံတကာ INGO တွေကို မတားဆီးဖို့။လူသားချင်းဆိုင်ရာကူညီထောက်ပံ့မှုတွေပေးဖို့ တောင်းဆိုချင်တယ်။ အန်ဂျီအိုတွေ၊ လူမှုအဖွဲ့အစည်းတွေကို ရပ်ဆိုင်းထားတဲ့အတွက်  တကယ်တန်းခံရတာက စစ်ဘေးရှောင်တွေပါ။ဒါကြောင့်မလို့ စစ်ဘေးရှောင်တွေကိုကူညီထောက်ပံ့တာတွေကို ရပ်ဆိုင်းထားတာတွေမလုပ်ဖို့ တောင်းဆိုချင်တယ်" ဟု စခန်းတာ ဝန်ခံကပြောသည်။

မြောက်ဦးမြို့တွင်လုံခြုံရေးတင်ကျပ်ကာ ကား၊ သုံးဘီး၊ဘေးတွဲဆိုင်ကယ်များကိုတင်းတင်းကျပ်ကျပ် စစ်ဆေးနေသဖြင့် လူအသွားအလာနည်းကာ လူတိုင်းလိုလိုစီးပွားရေးကျပ်တည်းနေပြီး ယင်းအထဲတွင် အများပြည်သူများ၏ ထောက်ပံ့မှုဖြင့် အသက်ရှင်ရပ်နေကြရသည့်စစ်ဘေးရှောင်များ၏ ဘ၀အခြေအနေမှာ ပိုမိုဆိုးရွားနေသည်ဟု သိ၇သည်။

မြောက်ဦးမြတန်းဆောင် စစ်ဘေးရှောင်စခန်းတွင်အိမ်ထောင်စု ၂၈၂စု၊ ကျား ၅၂၀ ယောက်နှင့် မ ၆၃၇ ယောက်ရှိကာစုစုပေါင်းလူဦးရေ ၁၁၅၇ ယောက်ရှိပြီး စခန်းကိုထူထောင်ထားသည့် မြတန်ဆောင်းဆရာတော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးရန်လာရှာသဖြင့် တိမ်းရှောင်နေ၇သည်ဟုလည်း သိ၇သည်။

စစ်ကောင်စီသည် ၇ခိုင်ပြည်တွင် လူသားချင်း စာနာမှုအကူအညီပေးမှုများထောက်ပံ့ကူညီမူကို တားမြစ်ပိတ်ပင်ထားသဖြင့် ရခိုင်ရှိ စစ်ဘေးရှောင်စခန်း အားလုံးနီးပါးတွင်စားနပ်ရိက္ခာများပြတ်လပ်နေကာအခက်အခဲဖြစ်လျှက်ရှိနေကြောင်း သိ၇သည်။(NN-12)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.