နိရဉ္စရာ၊နိုဝင်ဘာ ၆/၂၀၂၂
၇ခိုင်ပြည်နယ်၊စစ်တွေတက္ကသိုလ်မှသမိုင်းမေဂျာအထူးပြု တတိယနှစ် ကျောင်းသားတစ်ဦး တစ်ရက်ကြာ ပျောက်ဆုံးနေပြီးနောက်သူ့၏အလောင်းကို ဓားဒဏ်ရာများဖြင့်ပုဏ္ဏားကျွန်းမြို့နယ်၊အောင်မြေကုန်းကျေးရွာအနီးရှိ ချောင်းတစ်ခုအတွင်းမှယနေ့နံနက်က ရှာဖွေတွေ့ရှိခဲ့သည်ဟုသတင်းရရှိသည်။
၎င်းကျောင်းသားမှာ ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့တွင် ယာယီနေထိုင်သူ မောင်မျိုးထက်(၂၁)နှစ်ဖြစ်သည်။
၎င်းသည် လွန်ခဲ့သည့်နိုဝင်ဘာ၄ ရက်၊ ည ၉ နာရီခန့်ကသူငယ်ချင်းများနှင့်အတူ စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းရှိ TheBay Bar & Restaurant သို့သွား၍အပြန်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု သိ၇သည်။
သူ့အလောင်းကိုယနေ့ နိုဝင်ဘာလ ၆ ရက် နံနက် ၁၀ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်း ကျေးရွာ၏သချိုင်းအနီးရှိချောင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ၎င်း၏လည်ပင်းတွင် ဓားဒဏ်ရာအပြင်နောက်ကျောတွင် ဓားဒဏ်ရာနှစ်ချက်ရှိနေကြောင်း အလောင်းအားသွားရောက် သယ်ဆောင်ခဲ့သည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအသင်းမှကိုကျောက်ချိုင်က နိရဉ္စရာသို့ပြောသည်။
"သူ့မှာအမှတ်အသားပါတာတွေကအစ အားလုံးကွက်တိဖြစ်သွားတယ်။မိသားစုကကြည့်ပြီးတော့သူဖြစ်တဲ့အကြောင်းကိုတော့ အတည်ပြုဖြစ်သွားပါပြီ။ဓားဒဏ်ရာတွေနဲ့ လည်ပင်းအလှီးခံထားရတဲ့ ဒဏ်ရာတွေရှိပါတယ်" ဟုပြောသည်။
၎င်းတက္ကသိုလ်ကျောင်းသားပျောက်ဆုံးသွားစဉ်က ၎င်းနှင့်အတူ ၎င်း၏ Wave 100 အမျိုးအစား အပြာရောင် ဆိုင်ကယ်တစ်စီးလည်းပါဝင်သွားပြီး ဆိုင်ကယ်လည်း ပျောက်ဆုံးသည်ဟု သိ၇သည်။
လက်ရှိတွင်၎င်း၏အလောင်းကို ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးစစ်တွေအမှတ် (၂) ရဲစခန်းမှ အလောင်းအားလာကြည့်ကာ ရဲစစ်ချက်ယူသွားကြောင်း သိ၇သည်။