တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့ သုခကာရီဆရာတော်အပါအဝင် သံဃာတော် (၃) ပါးကို ညအချိန် မြန်မာစစ်တပ်ဖမ်းဆီးခေါ်ဆောင်သွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.5k

နိရဉ္စရာ၊ နိုဝင်ဘာ ၇/၂၀၂၂

 

စစ်တွေမြို့ သုခကာရီဆရာတော် အရှင်သုဂန္ဓပါအဝင် ရဟန်းတော် (၃) ပါးကို ယမန်နေ့ အချိန် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

 

ယမန်နေ့ နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က စစ်တွေမြို့၊ သုခကာရီကျောင်းတိုက်အတွင်းသို့ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများက ကားဖြင့်ဝင်ရောက်ကာ ဆရာတော် နှင့်အတူ ဦးဇင်းကြီး နှင့် မောင်ရှင်ကြီးနှစ်ပါးကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဆရာတော်၏ တပည့်တကာ တစ်ဦးက နိရဉ္စရာကို ပြောသည်။

 

"မနေ့ညက ကားနဲ့လာပြီး စစ်သား နဲ့ရဲတွေက ဖမ်းသွားတာပါ။ ဘာအတွက်ဆိုတာမျိုးတော့ မသိရဘူး။ ဆရာတော်ကို တိုက်ရိုက်တက်ဖမ်းတာဖြစ်လို့ အကျိုးအကြောင်း မသိရဘူး။ အခု ဆရာတော် အပါအဝင် အသက် (၅၀) ကျော်အရွယ် မောင်ရှင်ကြီးနဲ့ ဦးဇင်းတစ်ပါးလည်း ပါသွားတယ်"ဟု ပြောသည်။ 

 

လက်ရှိမှာ မည်သည့်အတွက် ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိအကျမသိရသေးသဖြင့် တပည့်တကာများက စိုးရိမ်နေကြသည်ဟူ သူက ဆက်ပြောသည်။ 

 

ယမန်နေ့ ညနေ ၇ နာရီခွဲတွင် စစ်တွေမြို့ ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) ကို အမည်မသိသူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဒဏ်ရာ လေးချက်ရရှိကာ ဆေးရုံတင်ခဲ့ရပြီးနောက်ပိုင်း စစ်တွေတွင် စစ်ကောင်စီ၏ အဖမ်းအဆီးများလာခြင်းဖြစ်သည်။

 

ယခုကဲ့သို့ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်တွေမြို့အတွင်း စစ်ဆေးမှုများတင်းကျပ်စွာပြုလုပ်ခဲ့ပြီး ယနေ့  နံနက်အာရုဏ် ၃ နာရီအချိန်တွင် စစ်တွေမြို့ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင် စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကိုလည်း စစ်ကောင်စီတပ်သားများက ဝင်ရောက် ဖမ်းဆီးသွားပြီး တခြားဒေသခံများလည်း ဖမ်းဆီးထားမှုများလည်း ရှိနေကြောင်း သိရသည်။ (NN-7)

ဆက်စပ် သတင်းများ