နိရဉ္စရာ၊နိုဝင်ဘာ ၉/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်တော် စကခ(၉) ဌာနချုပ် စစ်ဆေးရေးဂိတ်တွင်ယမန်နေ့ နိုဝင်ဘာလ ၈ ရက်က မင်းပြားမြို့မှ အပျော်တမ်းဓာတ်ပုံဆရာတစ်ဦး ပျောက်ဆုံးသွားကြောင်းသိ၇သည်။
ပျောက်ဆုံးနေသည့်အပျော်တမ်းဓာတ်ပုံဆရာမှာ မင်းပြားမြို့ဇာတိဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင်နေထိုင်သူဦးစောမိုးကျော် (၅၃)နှစ် ဖြစ်ပြီး ၎င်းသည် ခရီးသည်များအား မှတ်ပုံတင် စစ်ဆေးနေစဉ်အတွင်း ပျောက်ဆုံးသွားသည်ဟု သိ၇သည်။
ယာဉ်လိုင်းပြေးဆွဲနေသည့်ကားသမားတစ်ဦးက "တပ်မဂိတ်မှာကကားတွေအားလုံးကို တန့်ခိုင်းထားတယ်။ ခရီးသည်တွေက လမ်းဆင်းလျှောက်၇တယ်။ အဲဒီအချိန် သူစီးတဲ့ကားက ထွက်ရတာနောက်ကျတယ်၊ ခရီးသည်တွေက အရင်ဂိတ်ကိုကျော်ပြီးရောက်နေပြီ။ အဲဒီကိုရောက်တော့ လူတွေတက်တက်၊ခရီးသည်တွေစုံပြီလားဆိုပြီတော့ အဲအချိန်သူနဲ့ အတူပါလာတဲ့မိန်းကလေးတစ်ယောက်ကခရီးသည်တစ်ယောက်မရောက်သေးဘူးပြောတယ်။ အဲတော့ဖုန်းဆက်ကြည့်ကြတယ်၊ ဖုန်းလည်းဆက်မ၇ဘူး။အဲဒီတော့ ဆက်ပြီး စစ်နေသေးလားမသိဘူးဆိုပြီးထပ်စောင့်နေသေးတယ်။ ဂိတ်ကိုကြည့်လိုက်တော့လည်း လူတစ်ယောက်မှမရှိတော့ဘူး။ အဲတော့ ဂိတ်ကိုသွားပြီးမေးကြည့်တယ်။ ခရီးသည် တစ်ယောက်ပျောက်နေတယ်ဆိုပြီးသူတို့ကတော့ ဒီမှာတစ်ယောက်မှမရှိတော့ဘူး ကားမှားပြီးတက်သွားတာနေမှာပေါ့လို့ပြောတယ်"ဟုပြောသည်။
၎င်းဦးစောမိုးကျော်သည်ယမန်နေ့နိုဝင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီခန့်က မင်းပြားမြို့မှ စစ်တွေမြို့သို့ အငှါးယာဉ်လိုင်းဖြင့် သွားရာတွင် ကျောက်တော်မြို့ရှိတပ်မစစ်ဆေးရေး ဂိတ်တွင်ခရီးသည်များ၏မှတ်ပုံတင်များနှင့် ဖုန်းများကို စစ်ကောင်စီတပ်သားများက စစ်ဆေးနေသည့်အချိန်တွင်ပျောက်ဆုံးသွားခြင်းဖြစ်သဖြင့် စိုးရိမ်စရာဖြစ်နေသည်ဟုဆိုသည်။
ထို့နောက်တွင်၎င်းဦးစောမိုးကျော်နှင့်အတူ ကားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များနှင့် ယာဉ်မောင်းတို့ကလည်းလမ်းတစ်လျှောက်ရှိ ယာဉ်များရပ်နားရာနေရာများတွင်လည်း လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့သော်လည်း မတွေ့ရှိကြောင်း သိ၇သည်။
၎င်းဓါတ်ပုံဆရာကျောက်တော်တပ်မစစ်ဆေးရေးဂိတ်တွင် စစ်ဆေးရေးခံနေစဉ်အတွင်း ယခုလိုပျောက်ဆုံးမှုမှာ စစ်တပ်မှဖမ်းဆီးထားခြင်းဖြစ်နိုင်သည်ဟုလည်း ထင်မှတ်မိကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။
"ကျနော်တို့ မနေ့က အဲဒီကိုလိုက်သွားပြီးမေးကြည့်ခဲ့ပါတယ်။ သူတို့ကတော့ ဖမ်းဆီး ထားတာမရှိဘူးလို့ ပြန်ပြောတယ်။ သူတို့(တပ်မဂိတ်မှစစ်ကောင်စီတပ်သားများ) ကတော့ဓာတ်ပုံတွေဘာတွေတောင်းတယ်၊ တွေ့ရင်ဆက်သွယ်ပေးမယ်ပြောတယ်။ ဒါပေမယ့် အဲဒီနားတဝိုက်လေးမှာပဲ ပျောက်သွားတာလေ။သတင်းကြားကြားချင်း သူ့ကိုဖုန်းဆက်တော့ ဖုန်းဝင်သေးတယ်၊ မကိုင်ဘူး။ နောက်ထပ်ဆက်ကြည့်တော့ဖုန်းဝင်တာကို ပြန်ချပစ်တယ်။ ညနေ ပြန်ဆက်ကြည့်တော့ ဖုန်းကစက်ပိတ်ထားလိုက်ပါပြီ။အဲဒီမှာပဲ အဖမ်းခံလိုက်၇တာလို့ ထင်ပါတယ်။ အဲဒါပဲ ဖြစ်ဖို့ပိုများပါတယ်။ သူနဲ့တူတူပါသွားတဲ့မိန်းကလေးကတော့ မှတ်ပုံ တင်စစ်နေတဲ့အချိန်အထိမြင်ခဲ့တယ်လို့ပြောတယ်။ အဲဒီမိန်းကလေးက အရင်စစ်လို့ ပြီးသွားတော့ပြန်မလှည့်ဖြစ်ခဲ့ဘူးလို့ပြောတယ်။ အဲဒီအချိန်မှာပျောက်သွားတာပါ" ဟုပြောသည်။
၎င်းပျောက်ဆုံးနေမှုနှင့်ပတ်သက်၍လည်းမိသားစုမှာ စိုးရိမ်ပူပန်နေ၇ပြီး အမြန်ဆုံး ပြန်တွေ့စေလိုကြောင်းပြောသည်။
၎င်းဦးစောမိုးကျော်သည်အပျော်တမ်းအဖြစ် ဓာတ်ပုံများရိုက်၍ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင်တင်လေ့ရှိသူဖြစ်ကြောင်းသိ၇သည်။
လက်ရှိအချိန်အထိ၎င်းပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ သတင်းအစအန တစ်စုံတစ်ရာ မကြားရသေးကြောင်းသိ၇သည်။
အဆိုပါကျောက်တော်တပ်မစစ်ဆေးရေးဂိတ်တွင်ပြီးခဲ့သည့်လပိုင်းမှစတင်ကာ ခရီးသည်တင်ကားများနှင့် ကုန်ကားများကို အစစ်အဆေးတင်းကျပ်စွာစစ်ဆေးလေ့ရှိပြီး ခရီးသည်များ၏မှတ်ပုံတင်များနှင့်ဖုန်းများကိုလည်း စစ်လေ့ရှိကာ အချိန်ကြာမြင့်စွာ စစ်ဆေးမှုများပြုလုပ်လေ့ရှိသဖြင့်ခရီးသည်များနှင့်ကားသမားများတွင် အချိန်ကြန့်ကြာမှုများ ဖြစ်ရကြောင်းခရီးသွားများကပြောသည်။
(NN-8)