တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်ကောင်စီကရဟတ်ယာဉ်နှင့် ဒရုန်းများကိုအသုံးပြု တုံ့ပြန်တိုက်ခိုက်၍ ၇ တန်းကျောင်းသားတစ်ဦး ထပ်မံဒဏ်ရာရ၊ အနည်းဆုံး ဒေသခံ ၇ ဦးခန့် ဒဏ်ရာရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၀/၂၀၂၂
စစ်ကောင်စီတပ်က ဒရုန်းဖြင့် ပစ်ခတ်၍ ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းကျေးရွာမှ ဦးကျော်ဝင်း၏သား ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ခင်မောင်ထွန်းလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
သူသည် ယနေ့ နိုဝင်ဘာ ၁၀ ရက် နေ့လယ် ၁ နာရီခန့်က နေအိမ်အတွင်းရှိနေစဥ် ကောင်းကင်မှ ဒရုန်းဖြင့်ပစ်ခတ်လိုက်သည့်ကျည်သည် အိမ်အနီး ကျရောက်ပေါက်ကွဲ၍ သူ၏ ညာဘက် ဒူးအောက်ပိုင်းတွင် ဒဏ်ရာအနည်းငယ်ရရှိသွားသည်ဟု ရွာသားတစ်ဦးက ပြောသည်။
"မြင်လိုက်တဲ့သူတွေပြောတာက ဒရုန်းနဲ့ ၃ ချက်ပစ်တဲ့အထဲ တစ်လုံးကျရောက်ပေါက်ကွဲလို့ ထိခိုက်သွားတာလို့ပြောတယ်။ ဒဏ်ရာကတော့ အသေးစားပါပဲ။ မပြင်းဘူး"ဟု ပြောသည်။
ယနေ့ နံနက် ၇ နာရီကျော်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးနှင့် ပဒေသာကျေးရွာကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရပြီးနောက် အနီးဝန်းကျင်များကို စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်အသုံးပြုကာ လာရောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သလို ဒရုန်းဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီ ရိက္ခာပို့ဆောင်သည့် စစ်ကားသုံးစီးကို ယနေ့နံနက် အစောပိုင်းက ရက္ခိုင့်တပ်တော် (AA) ကြားဖြတ် မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး လုံး၀ပျက်စီးသွားပြီး ကျန် ၂စီးမှာ ထွက်ပြေးလွှတ်မြောက်သွားခဲ့သည်ဟု သတင်းရရှိသည်။
၎င်းနောက် စစ်ကောင်စီတပ်သည် သူတို့ အခြေစိုက်ရာ စခန်းများက လက်နက်ကြီးများကို အသုံးပြုပစ်ခတ်သလို တစ်ဖက်တွင်လည်း လေကြောင်းကနေ ရဟတ်ယာဉ်၊ ဒရုန်းများကို အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ တိုက်ခိုက်ရာတွင် လူနေကျေးရွာများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေ၍ ငှက်ကြီးကျွန်းကျေးရွာမှ မောင်ခင်မောင်ထွန်း အပါအဝင် အိုင်ဒင်ကျေးရွာမှ ဦးမောင်စောသိန်း၏သား မောင်စိုးဝင်းဦး (၁၅ နှစ်)တွင် ခြေထောက်၌ ပြင်းထန်ဒဏ်ရာရသွားပြီး အသက် ၆၀ အရွယ် ဒေါ်မနုချေတွင် ခါးဆစ်၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
စစ်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်မှုကို ခံခဲ့ရသည့်ကျေးရွာများမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပဒေသာ၊ အထုပ်သည်၊ ဆင်အင်းကြီး၊ အိုင်ဒင်နှင့် အလယ်ချောင်းကျွန်းကျေးရွာအုပ်စုများ ကျေးရွာအချို့တို့ဖြစ်ကြောင်း သိရသည်။
ယခုပစ်ခတ်ခံနေရသည့်ကျေးရွာများ အနီးဝန်းကျင်ကို စစ်ရဟတ်ယာဉ်အပြင် ပုဏ္ဏားကျွန်း အခြေစိုက် ၅၅၀ တပ်နှင့် စစ်တွေအခြေစိုက် ၃၄၄ တပ်ရင်းတို့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ စစ်ကောင်စီတပ်က လေကြောင်းများဖြင့်ပစ်ခတ်ပြီးနောက် ဒရုန်းဖြင့်ပါ ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံသတင်းရင်းမြစ်တစ်ဦးက ယနေ့နံနက်မှ နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အိုင်ဒင်၊ ငှက်ကြီးကျွန်းနှင့် အခြားကျေးရွာအချို့မှ ဒေသခံ ၇ ဦးခန့် ထိခိုက်မှုရှိနိုင်ပြီး အသေးစိတ်စာရင်းကို ကောက်ခံနေဆဲဖြစ်သည်ဟု ဆိုသည်။
ယနေ့မွန်းလွဲပိုင်းက လေကြောင်းဖြင့်တိုက်ခိုက်၍ အိုင်ဒင်ကျေးရွာမှ ဦးမောင်စောသိန်း၏သား မောင်စိုးဝင်းဦး (၁၅ နှစ်)တွင်လည်း ခြေထောက်၌ ပြင်းထန်ဒဏ်ရာရသွားပြီး အသက် ၆၀ အရွယ် ဒေါ်မနုချေတွင် ခါးဆစ်၌ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။
ထိုသို့ပစ်ခတ်နေမှုများကြောင့် ကျေးရွာအတွင်းရှိ ဒေသခံများမှာလည်း နီးစပ်ရာ ဘေးလွတ်ရာသို့ ရရာနည်းဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ဒေသခံများက ပြောသည်။
အဆိုပါပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်လည်း လမ်းသွား၊ လမ်းလာများ နည်းပါးနေပြီး စစ်ကောင်စီတပ်သားများက အသွားအလာပိတ်ထားကြောင်း ခရီးသည်များက ပြောသည်။


ဆက်စပ် သတင်းများ